တောင်ကိုရီးယားမှာ လေယာဉ်ပြေးလမ်းချော်ပြီး ပေါက်ကွဲသွားတဲ့ဖြစ်စဉ်မှာ လိုက်ပါလာတဲ့သူ ၁၈၁ ယောက် အနက် ၂ ယောက်ကလွဲလို့ ကျန်သူအားလုံး သေဆုံးဖွယ်ရှိတယ်လို့ တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဖော်ပြပါတယ်။
ဘန်ကောက်ကနေ တောင်ကိုရီးယားအနောက်တောင်ဘက် မူအန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆင်းသက်လာတဲ့ ဂျေဂျူးလေကြောင်းလိုင်းပိုင်လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၇ မိနစ်မှာ လေဆိပ်မှာကာရံထားတဲ့ ကွန်ကရစ်နံရံကို မတော်တဆ ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ထားနိုင်တဲ့သူ ၂ ယောက်ကလွဲလို့ ကျန်တဲ့သူအားလုံး သေဆုံးပြီလို့ ယူဆရပြီး အလောင်းပြန်ဆယ်ယူရနိုင်ဖို့ပဲ ဆက်လက်ကြိုးစားနေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် မနက် ၁၁ နာရီခွဲလောက်အထိမှာ အလောင်း ၈၅ လောင်း ပြန်ရပြီ ဖြစ်ကာ အမှုထမ်း ၆ ယောက် အပါအဝင် လိုက်ပါလာသူ ၁၈၁ ယောက်မှာ အများစုက ကိုရီးယားတွေဖြစ်ပြီး ထိုင်း ၂ ယောက် ပါဝင်ပါတယ်။
လေယာဉ်ဟာ ဘီးမချနိုင်ဘဲ ဆင်းသက်ဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လေယာဉ်တစီးလုံးနီးပါး ပျက်စီးသွားပြီ ဖြစ်ပါတယ်။
ခရီးသည်အမျိုးသမီး တယောက်၊ လေယာဉ်အမှုထမ်းအမျိုးသမီး တယောက် အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး လက်ရှိမှာ မော့ခ်ပိုက ဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပါတယ်။
Source: Reuters