တောင်ကိုရီးယား ဂျေဂျူးအဲလိုင်း လေယာဉ်ဟာ မတော်တဆမဖြစ်မီမှာ ငှက်အုပ်နဲ့တိုက်မိခဲ့ပြီး အရေးပေါ်ကယ်ဆယ်ဖို့ ကြေညာခဲ့တယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဘိုးအင်းလေယာဉ်ဟာ မူအန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဘီးမချနိုင်ဘဲ ဗိုက်နဲ့ဆင်းတဲ့အချိန် ပြေးလမ်းကိုကျော်သွားပြီး တံတိုင်းနံရံနဲ့ ဝင်တိုက်ခဲ့တာကြောင့် ခရီးသည် ၁၇၅ ယောက်စလုံးနဲ့ အမှုထမ်း ၆ ယောက်မှာ ၄ ယောက် သေဆုံးခဲ့ပါတယ်။
၂ ယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ရာမှာ မူလသတင်းတွေမှာ ဖော်ပြသလို အမှုထမ်းတယောက်၊ ခရီးသည်တယောက် မဟုတ်ဘဲ အမျိုးသမီးအမှုထမ်း ၂ ယောက် ဖြစ်ပါတယ်။
ဒေသစံတော်ချိန် မနက် ၈ နာရီ ၅၉ မိနစ်မှာ လေကြောင်းထိန်းချုပ်မျှော်စင်ကနေ “ငှက်အုပ်လှုပ်ရှားမှုသတိပြု” ဖို့ လေယာဉ်မှူးကို အကြံပြုခဲ့ပါတယ်။
အဲဒီနောက်မှာ လေယာဉ်မှူးက “Mayday” ၃ ကြိမ် ကြေညာပြီး “ငှက်အုပ်နဲ့ တိုက်မိ”၊ ဆင်းသက်မှု ဖျက်သိမ်းပြီး လေထဲပြန်တက် (go-around) ဆိုတဲ့ ဝေါဟာရတွေ အသုံးပြု ဆက်သွယ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆင်းသက်ရာမှာ ကူညီပေးတဲ့ ပြေးလမ်းအဆုံးမှာရှိတဲ့ localiser antenna နဲ့ အဲဒီအင်တာနာ စိုက်ထူထားတဲ့ မြေပြင်အနေအထားကြောင့် မတော်တဆဖြစ်ရသလား ဆိုတာကိုပါ စစ်ဆေးနေတယ်လို့ တောင်ကိုရီးယား မြေယာ၊ အခြေခံအဆောက်အအုံနဲ့ ပို့ဆောင်ရေး ဝန်ကြီးဌာန တာဝန်ရှိသူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ အားလပ်ရက် အပန်းဖြေပြီးပြန်လာတဲ့ ကိုရီးယားဒေသခံအများစုနဲ့ ထိုင်းနိုင်ငံသား ၂ ယောက် သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Source : Reuters