Home
နိုင်ငံတကာ
ဂျဲဂျူလေကြောင်းပိုင် လေယာဉ်ပျက်ကျမှု၌ သေဆုံးသူများ၏ ရုပ်အလောင်းများကို မိသားစုထံ လွှဲပြောင်း 
DVB
·
January 2, 2025
Photo: REUTERS/Kim Hong-Ji/File Photo

တောင်ကိုရီးယား အာဏာပိုင်တွေဟာ နိုင်ငံရဲ့ အဆိုးရွားဆုံး လေကြောင်းဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၁၇၉ ယောက်ကို တရားဝင် ဖော်ထုတ်နိုင်ခဲ့ပြီလို့ ယာယီသမ္မတ ချွဲဆန်းမော့က ဇန်နဝါရီ ၁ ရက်မှာ ပြုလုပ်တဲ့ အေဂျင်စီတွင်း အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဂျဲဂျူလေကြောင်းမှ သေဆုံးသူတွေရဲ့ အလောင်းတွေကို သူတို့ရဲ့ မိသားစုဝင်တွေဆီ လွှဲပြောင်းပေးခဲ့ပြီးနောက်မှာ ဈာပန လုပ်ထုံးလုပ်နည်းတွေကို စတင်နေပြီဖြစ်ပြီး ပူးတွဲစုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်နေကြောင်း ယာယီသမ္မတ ချွဲ က အစည်းအဝေးမှာ ပြောပါတယ်။

လောလောဆယ်မှာ တောင်ကိုရီးယားရဲ့ စုံစမ်းစစ်ဆေးရေးမှူးတွေဟာ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းရေးဘုတ်အဖွဲ့ (NTSB) နဲ့ ဖက်ဒရယ် လေကြောင်းစီမံခန့်ခွဲရေးနဲ့ ဘိုးအင်း လေယာဉ်ထုတ်လုပ်ရေးတို့က ပုဂ္ဂိုလ်တွေနဲ့အတူ မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းကို ပူးတွဲစုံစမ်းစစ်ဆေးနေကြောင်းလည်း ယာယီသမ္မတ ချွဲက ဆိုပါတယ်။

မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို လေယာဉ်၊ လေယာဉ်ကိုယ်ထည်နဲ့ black box တွေကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာပြီး ဖော်ထုတ်သွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဒီဇင်ဘာ ၂၉ ရက်က ပျက်ကျခဲ့တဲ့ လေယာဉ်ရဲ့ ပျံသန်းမှု အချက်အလက်မှတ်တမ်းကို အမေရိကန် ပြည်ထောင်စုကို ပေးပို့မယ်လို့ တောင်ကိုရီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်မှာ ပြောပါတယ်။

တောင်ကိုရီးယား စုံစမ်းစစ်ဆေးရေးမှူးတွေဟာ လေယာဉ်ရဲ့ လေယာဉ်မှူးခန်းရှိ အသံဖမ်းစက်မှ အချက်အလက်တွေကို ထုတ်ယူကာ အသံဖိုင်အဖြစ် ပြောင်းလဲပြီးတော့ လေယာဉ်ပျက်ကျမှု ဖြစ်ခဲ့တဲ့ မိနစ်အနည်းငယ်ကို ရှင်းပြနိုင်မယ့် အရေးကြီးအချက်အလက်တွေကို ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေအတွက် အချက်အလက်တွေကို အသံဖိုင်အဖြစ် ပြောင်းလဲဖို့က ၂ ရက်လောက် ကြာနိုင်တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။

စုံစမ်းစစ်ဆေးသူတွေဟာ လေယာဉ်မှူးတွေက အရေးပေါ်အခြေအနေ ကြေညာပြီးနောက် မကြာခင်မှာ ဆင်းသက်ဖို့ လေယာဉ်မှူးတွေ အလောတကြီး လုပ်ဆောင်မှုအတွက် လေယာဉ်ပေါ်ရှိ ထိန်းချုပ်မှုစနစ်တွေကို ပိတ်ထားခြင်းနဲ့ ငှက်တိုက်ခိုက်မှုတို့လို ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေကိုလည်း ထည့်သွင်းစဉ်းစားနေတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013