Home
မြန်မာသတင်း
မြန်မာအမျိုးသမီးငယ်များ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှု ပိုများလာ 
DVB
·
January 28, 2025

စစ်အာဏာသိမ်းမှုအောက်က အထွေထွေအကျပ်အတည်းနဲ့ စီးပွားရေးကျဆင်းမှု အလုပ်အကိုင် ရှားပါးမှုတွေကြောင့် မြန်မာအမျိုးသမီးငယ်တွေဟာ တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ရောင်းစားခံရမှုတွေ များလာတယ်လို့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

တရုတ်မယားအဖြစ် ‌ရောင်းစားခံကြရမှုတွေဟာ ၂၀၁၉ ခုနှစ် ဝန်းကျင်ကာလတွေမှာ ကချင်ဒေသက အမျိုးသမီးတွေ များပြားခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံအနှံ့က အမျိုးသမီးတွေပါ ပါဝင်လာတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတွေက ထုတ်ပြန် ပြောပါတယ်။

အမျိုးသမီးငယ်တွေကို တရုတ်နိုင်ငံက ပင်လယ်စာထုတ်လုပ်တဲ့ စက်ရုံ၊ လယ်ယာတွေနဲ့ စားသောက်ဆိုင် စတဲ့ နေရာတွေမှာ လစာကောင်းကောင်းရမယ်လို့ ဖြားယောင်းခေါ်ဆောင်ခဲ့ရပြီး အလုပ်လုပ်ကိုင်ဖို့ နယ်စပ်ဖြတ်ကျော်ပြီး သွားကြတဲ့အခါ ‌ရောင်းစားခံကြရတာပါ။

ရောင်းစားခံကြရတဲ့ အမျိုးသမီးတွေဟာ လှောင်ပိတ်ခံရတာ၊ မတရားအလုပ်ခိုင်းစေခံရတာ၊ အဓမ္မလိင်ဆက်ဆံခံရတာ၊ ရိုက်နှက်ခံရတာနဲ့ အလိုမတူဘဲ ကလေးမွေးပေးကြရတာတွေ ကြုံနေကြရတယ်လို့ Kachin Women's Association Thailand (KWAT) တာဝန်ရှိသူက‌ ပြောပါတယ်။

“‌‌ရောင်းစားခံကြရပြီးတဲ့နောက် တချို့ကျတော့ ဒီအိမ်မှာ တရုတ်မယား လုပ်တယ်၊ ဒီမိသားစုက သူ့ကို မကြိုက်ဘူး။ အဆင်မပြေဘူးဆိုရင် နောက်တမိသားစုကို ပြန်ပြီး‌ရောင်းစားခံကြရတယ်။ တချို့ကျတော့ လိင်ကျွန်ပုံစံမျိုး ဆက်ဆံခံရတာပေါ့နော်။ ကြိုးနဲ့ချည်ထားတာတွေ၊ ပိတ်လှောင်ထားတာတွေပေါ့၊ တချို့ကိုတော့ အိမ်မှုကိစ္စတွေ အိမ်ရဲ့လုပ်ငန်း တောင်ယာတွေကို လုပ်ဖို့အတွက် ခေါ်ထားတဲ့ ပုံစံတွေ တွေ့ရတယ်ပေါ့နော်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်တွေမှာတော့ တရုတ်နိုင်ငံသားနဲ့ လက်ထပ်ရင် ဝင်ငွေကောင်းကောင်းရပြီး မိသားစုကို ထောက်ပံ့နိုင်မယ်ဆိုပြီး အမျိုးသမီးတွေကို အလုပ်ခေါ်နေတာတွေ မကြာခဏ တွေ့ရပါတယ်။

တရုတ်နိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတယောက်က “ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ တရုတ်ရည်းစား၊ တရုတ်မယား ခေါ်ကြတယ်ပေါ့နော်၊ တလကို သိန်း ၂၀၊ ၃၀ ပေးကြတာတွေ ရှိတယ်။ အငှားရည်းစားပေါ့နော့၊ သူတို့နဲ့ အိပ်ပေးရတာပေါ့၊ ဒီဘက်မှာ တွေ့နေရတာ အသက်မပြည့်သေးတဲ့ ကောင်မလေးတွေ ပါနေတယ်။ တချို့ကျတော့လည်း တရားဝင်ယူကြပြီး၊ မှတ်ပုံတင်သိမ်းထားတယ်။ ကလေးမွေးပြီး အိမ်ထဲက အိမ်ပြင်ပေးမထွက် ဘယ်သူနဲ့မှ စကားပေးမပြော၊ အိမ်အလုပ်လုပ်ပြီး ပိတ်ထားတာပေါ့နော်။ တရုတ်ပြည်မှာတော့ တရုတ်မတယောက်ကိုယူဖို့ သိန်းချီပေးကြရတယ်။ မြန်မာပြည်က ကောင်မလေးတွေကတော့ ဈေးပေါတယ်ပေါ့။ တရုတ်ငွေ ၂၀၀၀၀ လောက်နဲ့တင် ရတယ်ဆိုပြီး ယူကြတာ” လို့ ပြောပြပါတယ်။

ဒီအခြေအနေတွေကြောင့် တရုတ်အစိုးရအနေနဲ့ ပြည်ပလုပ်သား လိုအပ်တဲ့ နေရာတွေကို မြန်မာနိုင်ငံသားတွေ တရားဝင်သွား‌ရောက် အလုပ်လုပ်ကိုင်ခွင့်ရအောင် လမ်းကြောင်းတွေ တည်ဆောက်ပေးဖို့ KWAT အဖွဲ့က တောင်းဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံခြားကအမျိုးသမီးတွေကို ဇနီးမယားတွေအဖြစ် အတင်းအဓမ္မ လူကုန်ကူးနေမှုအပေါ် တိုက်ဖျက်ပေးပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားဖို့လိုတယ်လို့လည်း ဆိုပါတယ်။ 

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013