Home
နိုင်ငံတကာ
လူကုန်ကူးမှု တရားစွဲခံထားရသည့် ဘိုလီးဗီးယားသမ္မတဟောင်း မိုရာလက်စ် တရားရုံးကြားနာပွဲ မတက်
DVB
·
January 15, 2025
Photo: Reuters

ဘိုလီးဗီးယားသမ္မတဟောင်း အီဗိုမိုရာလက်စ်ဟာ သူ့ကို လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ တရားစွဲဆိုထားမှုကို ဆေးဝါးကုသမှု အကြောင်းပြပြီး ဇန်နဝါရီ ၁၄ ရက်က ကြားနာပွဲကို မတက်ရောက်ဖြစ်ကြောင်း သူ့ရှေ့နေတွေက ပြောပါတယ်။

ကြားနာမှုကို ကြီးကြပ်တဲ့ တရားသူကြီး နယ်လ်ဆင် အယ်လ်ဘာတို ရိုကာဗန်ဒိုက မိုရာလက်စ်ဟာ အဆုတ်ရောင် ရင်ကျပ်ရောဂါ အပါအဝင် ရောဂါဝေဒနာများစွာကို ခံစားနေရကြောင်း ဖော်ပြထားတဲ့ ဆေးဘက်ဆိုင်ရာ အစီရင်ခံစာကို မိုရာလက်စ်ရဲ့ရှေ့နေက တင်ပြထားကြောင်း အတည်ပြုခဲ့ပါတယ်။

ကြားနာမှုကို ဇန်နဝါရီ ၁၇ ရက်ကို ရွှေ့ဆိုင်းလိုက်ပြီး သမ္မတဟောင်းရဲ့ ဖျားနာမှုအတွက် ဆေးဘက်ဆိုင်ရာ သက်သေအထောက်အထားတွေ တင်ပြဖို့ တရားခံရှေ့နေကို ၄၈ နာရီ အချိန်ပေးထားပါတယ်။

သောကြာနေ့မှာမှ ကြားနာမှုကို တက်ရောက်ဖို့ ပျက်ကွက်တယ်ဆိုရင် ပျက်ကွက်ကြောင်း ကြေညာပြီး ဖမ်းဝရမ်းထုတ်မှာဖြစ်ကြောင်း တရစ်ဂျာ အစိုးရရှေ့နေ ဆန်ဒရာ ဂူတီယာရက်ဇ်က သတိပေးခဲ့ပါတယ်။

မိုရာလက်စ်ဟာ သူ အုပ်ချုပ်နေတဲ့ကာလအတွင်း ၂၀၁၆ ခုနှစ်က အရွယ်မရောက်သေးသူ ကလေးတယောက်ကို လူကုန်ကူးမှုနဲ့ ပြင်းထန်တဲ့ ရာဇ၀တ်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရပြီး သူနဲ့အတူ အဖေနာမည်ခံထားသူ တယောက်ကိုလည်း စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဘိုလီးဗီးယား ရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၄ ရက်မှာ သမ္မတဟောင်း မိုရာလက်စ်ကို ထောက်ခံသူတွေနဲ့ အစိုးရဆီက စီးပွားရေးအစီအမံတွေ တောင်းဆိုဖို့ လမ်းတွေပေါ်မှာ ချီတက်ခဲ့ကြတဲ့ လမ်းဘေးဈေးသည် ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပြီးနောက် မြို့တော် လာပက်ဇ်မှာ ဆန္ဒပြပွဲတွေ အကြီးအကျယ် ပြုလုပ်ခဲ့ပါတယ်‌။

လူကုန်ကူးမှုအတွက် စုံစမ်းစစ်ဆေးခံနေရတဲ့ သမ္မတဟောင်း မိုရာလက်စ်ဟာ အစိုးရရဲ့ စီးပွားရေး အစီအမံတွေကိုလည်း တောင်းဆိုနေတာဖြစ်ပြီး သူ့ကိုထောက်ခံသူတွေဟာ ပါတာကာမာ့ယာ မြူနီစီပယ်မှ ကီလိုမီတာ ၁၀၀ အကွာကို ချီတက်လာခဲ့ကြပြီး ဇန်နဝါရီ ၁၃ ရက်မှာ မြို့တော်ကို ရောက်ရှိလာကြကာ ဒုသမ္မတ အဆောက်အဦအနီးမှာ ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဟာ အဲဒီနေရာမှာ လူ ၅၀ လောက်ကို ဖမ်းဆီးထားကြောင်း ရိုက်တာ မျက်မြင်သက်သေတွေက ပြောကြပါတယ်။

အယ်လ် အယ်လ်တိုမြို့က လမ်းဘေးဈေးသည်တွေဟာ မြို့တော် လာပက်ဇ်မှာ စုရုံးခဲ့ကြပြီး “အရည်အချင်းမရှိတဲ့ အစိုးရ၊ ဘိုလီးဗီးယားမှ ထွက်သွား” စတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ကာ လမ်းတွေတလျှောက် ချီတက်ရင်း စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ တောင်းဆိုပြီး ကုန်ပစ္စည်းသိမ်းယူခြင်းဆိုင်ရာ အစီအမံတွေကို ငြင်းပယ်ကြောင်း ထုတ်ဖော်ခဲ့ကြပါတယ်။

ဘိုလီးဗီးယား အလုပ်သမားရေးရာဝန်ကြီး အာရ်လန်း ရိုဒရီဂွက်ဇ်ဟာ ဒီကဏ္ဍရဲ့ တောင်းဆိုချက် စာရင်းကို လက်ခံယူထားပြီး အစိုးရက အဖြေပေးလိမ့်မယ်လို့ အာမခံခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013