Home
နိုင်ငံတကာ
တရားရုံးကြားနာပွဲသို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုး မတက်ရောက်
DVB
·
January 14, 2025
Photo : KOREA POOL

ရာထူးကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချခဲ့မှုကို အတည်ပြုဖို့ သင့်မသင့် ဇန်နဝါရီ ၁၄ ရက်က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ စတင်ကြားနာခဲ့ပါတယ်။

ပထမအကြိမ်ကြားနာမှုမှာ သမ္မတယွန်း မတက်ရောက်တဲ့အတွက် တရားခွင်ကို ၄ မိနစ်အကြာမှာ ရွှေ့ဆိုင်းခဲ့ပါတယ်။ ခုံရုံးတရားသူကြီး ၈ ယောက်ထဲက တယောက်ကို ထုတ်ပယ်ပေးဖို့ သမ္မတရဲ့ တောင်းဆိုချက်ကိုလည်း ခုံရုံးက ပယ်ချခဲ့ပါတယ်။

နောက်တကြိမ်ရုံးချိန်းကို လာမယ့် ကြာသပတေးနေ့ မွန်းလွဲ ၂ နာရီ ချိန်းဆိုလိုက်ပါတယ်။ နောက်ရုံးချိန်းမှာတော့ သမ္မတကိုယ်တိုင် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ ဥပဒေအရ   ကြားနာစစ်ဆေးသွားမယ်လို့ ခုံရုံးယာယီဥက္ကဋ္ဌ မွန်ဟျွန်ဘေးက ပြောပါတယ်။

ဒီဇင်ဘာ ၃ ရက်မှာ သမ္မတက စစ်အုပ်ချုပ်ရေးကြေညာခဲ့တဲ့ လုပ်ရပ်အတွက် ဒီဇင်ဘာ ၁၄ ရက်မှာ လွှတ်တော်က စွပ်စွဲပြစ်တင်ပြီး ဖြုတ်ချဖို့ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက် အတည်ဖြစ်၊ မဖြစ်ကို ကြားနာစစ်ဆေးဖို့အတွက် တလတိတိအကြာမှာ  ခုံရုံးကြားနာမှု စတင်တာဖြစ်ပါတယ်။

တာဝန်ကဆိုင်းငံ့ခံထားရတဲ့ သမ္မတဟာ ပုဂ္ဂိုလ်ရေးဘေးကင်းမှု အကြောင်းပြချက်ကြောင့် ကြားနာမှုကို ကိုယ်တိုင်မတက်ရောက်ဘူးလို့ သမ္မတရှေ့နေအဖွဲ့က ပြောပါတယ်။

ရာထူးကြီးပုဂ္ဂိုလ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံးက စုံစမ်းစစ်ဆေးရေးမှူးတွေက သမ္မတကို ပုန်ကန်မှုစွဲချက်နဲ့ ဖမ်းဖို့ ကြိုးစားနေတာကြောင့် သမ္မတက သူ့နေအိမ်ဝင်းအတွင်းက မထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အမှုလာရင်ဆိုင်ရင် ဒီအမှုကို စစ်လို့မပြီးခင် ပုန်ကန်မှုနဲ့ အရင်အဖမ်းခံရမယ့် အခြေအနေ ရှိနေတယ်လို့ အကြောင်းပြပါတယ်။

ရုံးချိန်း ၅ ရက်ကို နီးနီးကပ်ကပ် သတ်မှတ်ထားမှုကို ပြင်ပေးဖို့လည်း သမ္မတယွန်းက တောင်းဆိုခဲ့ပေမဲ့  ခုံရုံးက ပယ်ချခဲ့ပါတယ်။ ဖြုတ်ချဖို့ သင့်၊ မသင့်ကို ခုံရုံးက ကြားနာဆုံးဖြတ်ဖို့ ရက်ပေါင်း ၁၈၀ အချိန်ရပါတယ်။

လွှတ်တော်မဲခွဲဆုံးဖြတ်မှုအတိုင်း အတည်ဖြစ်မယ်လို့ ခုံရုံးက ဆုံးဖြတ်လိုက်ရင် သမ္မတ ပြုတ်ကျမှာဖြစ်ပြီး ရက် ၆၀ အတွင်း သမ္မတရွေးကောက်ပွဲသစ် ကျင်းပရမှာဖြစ်ပါတယ်။ အကယ်၍ ပယ်ချမယ်ဆိုရင်တော့ သမ္မတအဖြစ် ပြန်လည်ထမ်းဆောင်ခွင့်ရမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013