တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ရာထူးကဖယ်ရှားဖို့ ဆုံးဖြတ်ထားပေမဲ့ ပါလီမန်က သူ့ကို စွပ်စွဲပြစ်တင်ဖို့ ကြိုးစားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို သမ္မတ ယွန်းက လက်ခံမှာဖြစ်ကြောင်း သမ္မတ ယွန်းရဲ့ ရှေ့နေ ယွန်းဂါ့ဘ်ဂွမ်က ဇန်နဝါရီ ၉ ရက်မှာ ပြောပါတယ်။
တရားခွင်ရဲ့ရလဒ်ကို သမ္မတ ယွန်းက လက်ခံမလားလို့ မေးမြန်းတဲ့အခါ “ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ အဆုံးအဖြတ်ပေးတဲ့ တခုတည်းသော တရားရုံး ဖြစ်တာကြောင့် အဲဒီဆုံးဖြတ်ချက်ဟာ 'ဖယ်ရှားခြင်း' ဖြစ်တယ် ဆိုရင်တောင် လက်ခံပေးမှာပါ” လို့ ရှေ့နေ ယွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
သမ္မတ ယွန်းဟာ ဒီဇင်ဘာ ၂၇ ရက် တရားရုံးကြားနာမှု မစတင်ခင် အကျဉ်းချုပ် တရားရေးရှင်းလင်းချက် တင်ပြဖို့ တရားရုံးရဲ့ တောင်းဆိုချက်ကို အစောပိုင်းမှာ ငြင်းဆိုခဲ့ပေမဲ့ သူဟာ သူ့အမှုကို လူကိုယ်တိုင် ချေပရှင်းလင်းချင်တဲ့ ဆန္ဒရှိကြောင်း သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။
တာဝန်ဆိုင်းငံ့ခံထားရတဲ့ သမ္မတဟာ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်မှုနဲ့အတူ တော်လှန်ပုန်ကန်မှုကို ကြံစည်ဆောင်ရွက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် သီးခြား ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ဆင့်ခေါ်ချက်တွေကို ထပ်ခါတလဲလဲ ဖီဆန်ခဲ့ပါတယ်။
ဆိုင်းငံ့ခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင် ဘယ်နေရာကို ရောက်နေသလဲ ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ကြားမှာပဲ ရှေ့နေ ယွန်းဂါ့ဘ်ဂွမ်က သမ္မတ ယွန်းဟာ လက်ရှိ သူ့ရဲ့အိမ်တော်မှာပဲ ကျန်းကျန်းမာမာ ရှိနေကြောင်း ပြောကြားပါတယ်။
သမ္မတကို ဖယ်ထုတ်မယ်၊ ဆွဲထုတ်မယ်၊ ဒါမှမဟုတ် သမ္မတကို လက်ထိတ်ခတ်မယ် ဆိုတဲ့ အတွေးမျိုးနဲ့ အဲဒီလိုမျိုး ဖမ်းဆီးမှု လုပ်ထုံးလုပ်နည်းတွေကိုတော့ ငြင်းပယ်ပါတယ် လို့လည်း ဆိုပါတယ်။
သမ္မတကို ဖမ်းဆီးဖို့အတွက် သံချပ်ကာယာဉ်တွေ ဒါမှမဟုတ် ရဟတ်ယာဉ်တွေ သုံးနိုင်တယ်လို့ ကြားနေရပြီး လက်ရှိ သမ္မတကို ဒီလိုတွေ ဒရာမာဆန်ဆန် အင်အားပြတဲ့ပုံစံနဲ့ ဖမ်းဆီးမယ် ဆိုတာကိုတော့ ပုံမှန်ဥပဒေစိုးမိုးမှုအဖြစ် မြင်လို့မရကြောင်းနဲ့ ဒီလိုလုပ်ရပ်တွေကို မမှန်မကန်လုပ်ရင် ပြည်တွင်းစစ် ဖြစ်သွားနိုင်တယ်လို့လည်း ရှေ့နေ ယွန်းက ပြောသွားပါတယ်။
Source : Reuters