Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးရန် ထောက်ခံသူနှင့် ကန့်ကွက်သူများ ဆိုးလ်မြို့တော်၌ ဆန္ဒပြ
DVB
·
January 6, 2025
Photo : Reuters

တောင်ကိုရီးယားနိုင်ငံမှာ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတ  ယွန်းဆွတ်ခ်ယိုးကို ဖမ်းဖို့ ဆန္ဒပြသူတွေရော မဖမ်းဖို့ တောင်းဆိုသူတွေပါ ပါဝင်တဲ့ ထောင်ချီတဲ့လူတွေဟာ ဇန်နဝါရီ ၅ ရက်က နှင်းတွေကြားထဲမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သောင်းကျန်းသူလို့ စွပ်စွဲခံထားရတဲ့ သမ္မတယွန်းကို ဖမ်းဝရမ်းထုတ်ထားတာဟာ တနင်္လာနေ့ ညသန်းခေါင်ယံမှာ သက်တမ်းကုန်တော့မှာပါ။

လူအများအပြားက သူ့တရားဝင်အိမ်နားမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ကြပြီး တချို့က သူ့ကို ချက်ချင်းဖမ်းဖို့ တိုက်တွန်းခဲ့ကြပေမဲ့ တချို့ကတော့ ဖမ်းဝရမ်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

၂ လက်မခွဲလောက်အထိ နှင်းတွေ ထူထူထပ်ထပ်ကျနေပြီး ရေခဲမှတ်အောက် အနုတ် ၅ ဒီဂရီ စင်တီဂရိတ် အောက်အထိ အပူချိန်ကျဆင်းခဲ့တဲ့ ဆိုးလ်မြို့လယ်မှာ တနင်္ဂနွေနေ့က ဆန္ဒပြသူတချို့ ညတွင်းချင်း စုရုံးခဲ့ကြပါတယ်။

အရင်လက စစ်အုပ်ချုပ်ရေး ကြေညာဖို့ ကြိုးစားမှုအတွက် ကွန်ဆာဗေးတစ်သမ္မတ ယွန်းကို လွှတ်တော်က စွပ်စွဲပြစ်တင်ခဲ့ပြီး တရားဝင် တာဝန်တွေကို ဆိုင်းငံ့ခဲ့ပေမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သူ့ကို တာဝန်ပြန်ပေးမလား ဒါမှမဟုတ် ဖယ်ရှားမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃ ရက်က ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူးတွေက ယွန်းကိုဖမ်းဖို့ ကြိုးစားပေမဲ့ သမ္မတလုံခြုံရေးဌာနနဲ့ စစ်တပ်က ပိတ်ဆို့ထားခဲ့လို့ ၆ နာရီကြာ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။

ယွန်းကိုဖမ်းဖို့ ဖမ်းဝရမ်းနဲ့ပတ်သက်ပြီး တရားဥပဒေဆိုင်ရာ အချေအတင် ဆွေးနွေးနေဆဲ ဖြစ်တာကြောင့် ယွန်းကိုဖမ်းဖို့ ကြိုးပမ်းနေတဲ့ အရာရှိတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ မလုပ်နိုင်ဘူးလို့ သမ္မတလုံခြုံရေးဌာနက တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရာထူးက ဆိုင်းငံ့ခံထားရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယို အပေါ် ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းကို အကောင်အထည်ဖော်ပေးဖို့ ရဲတပ်ဖွဲ့ကို ရာထူးကြီးပုဂ္ဂိုလ်များ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) က တောင်းဆိုထားပါတယ်။

တနင်္လာနေ့ သန်းခေါင်ယံမှာ ဝရမ်းသက်တမ်း ကုန်မှာဖြစ်တဲ့အတွက် တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ CIO က တရားဝင်စာထုတ်ပြီး ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ခင်မှာ ရုံးတွင်း ဥပဒေရေးရာ သုံးသပ်မှု လုပ်နေတယ်လို့ တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က CIO တာဝန်ရှိသူတွေက ဦးစီးပြီး သမ္မတယွန်းကို သူ့နေအိမ်မှာ ဝင်ဖမ်းဖို့ ကြိုးစားခဲ့ရာမှာ သမ္မတလုံခြုံရေးအဖွဲ့က တားမြစ်ခဲ့တာကြောင့် နာရီနဲ့ချီ ထိပ်တိုက်တွေ့ခဲ့ပြီး နောက်ဆုံးမှာ လက်လျှော့ခဲ့ရပါတယ်။

အဂတိလိုက်စားမှု စုံစမ်းရေးရုံး ဖြစ်တဲ့အတွက် ပုန်ကန်မှုစွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးပိုင်ခွင့် ရှိ၊ မရှိဆိုတဲ့ အချက်ကို မေးခွန်းထုတ်ပြီး သမ္မတဘက်က ပူးပေါင်းဆောင်ရွက်ဖို့ ငြင်းတာဖြစ်ပါတယ်။

သောကြာနေ့က ဝင်ဖမ်းဖို့ ကြိုးစားရာမှာ CIO မှာ ရဲတပ်ဖွဲ့ကို အမိန့်ပေးဖို့ အခွင့်အာဏာမရှိဘဲ ရဲတွေကိုပါ ခေါ်ယူအသုံးပြုခဲ့တယ်လို့လည်း ဝေဖန်ခံနေရပါတယ်။

သမ္မတယွန်းဟာ ကိုယ်တိုင်လည်း နိုင်ငံတော်ရှေ့နေချုပ် ဖြစ်ခဲ့ဖူးတဲ့အတွက် ဥပဒေရေးရာပိုင်း၊ အထူးသဖြင့် ဥပဒေအရာရှိတွေရဲ့ လုပ်ပိုင်ခွင့်ပိုင်းကို ကောင်းကောင်းနားလည်ပြီး ယိုပေါက်ကို ရှာပြီး တုံ့ပြန်နေတာဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ ဖမ်းဝရမ်းကို ဥပဒေအရာရှိတယောက်ရဲ့ ကွပ်ကဲမှုနဲ့ ရဲက အကောင်အထည်ဖော်ပေးရမယ်လို့ ရေးထားတဲ့အတွက် ကွပ်ကဲမှုဆိုရာမှာ ဝရမ်းအကောင်အထည်ဖော်ဖို့ ရဲအရာရှိကို တာဝန်အပ်နှင်းတာလည်း ပါဝင်တယ်လို့ CIO ဒုတိယအကြီးအကဲ လီဂျေဆောင်းက ပြောပါတယ်။

ဒါပေမဲ့ စုံစမ်းစစ်ဆေးမှုကိုတော့ ရဲလက်ကို အပ်မှာမဟုတ်ဘဲ ဖမ်းမိပြီဆိုရင် CIO ရုံးမှာပဲ စစ်မှာလို့ ဆိုပါတယ်။ အကယ်၍ ဝရမ်းသက်တမ်းကုန်တဲ့အထိ မဖမ်းနိုင်သေးရင်လည်း ဝရမ်းသက်တမ်း တိုးသွားမယ်လို့ ပြောထားပါတယ်။

သမ္မတယွန်းရဲ့ ရှေ့နေကတော့ CIO ဟာ ဆောက်လုပ်ရေးမှာ ဆပ်ကန်ထရိုက်ပေးသလိုမျိုး ရဲကို လက်လွှဲတာကြည့်ရင် နိုင်ငံတော်အဆင့် အေဂျင်စီတခုအနေနဲ့ သူတို့ရဲ့ အရည်အချင်းနဲ့ အရည်အသွေးကို ဖော်ပြနေတယ်လို့ ဝေဖန်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013