Home
နိုင်ငံတကာ
တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးမည့် အစီအစဉ် မအောင်မြင်
DVB
·
January 3, 2025
Photo-Reuters

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဇန်နဝါရီ ၃ ရက်မှာ ဖမ်းဖို့ကြိုးပမ်းခဲ့တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သမ္မတရဲ့ လုံခြုံရေးအဖွဲ့နဲ့ ၆ နာရီကြာ ထိပ်တိုက်တိုးအပြီးမှာ ဖမ်းဆီးမယ့်အစီအစဉ်ကို လက်လျှော့ခဲ့ရပါတယ်။

ရာထူးကဆိုင်းငံ့ခံထားရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ ဒီဇင်ဘာ ၃ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုနဲ့ပတ်သက်ပြီး အာဏာအလွဲသုံးမှု၊ နိုင်ငံတော်ပုန်ကုန်မှုတွေနဲ့ စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာပြီး တဖက်လှည့် အာဏာသိမ်းဖို့ ကြိုးပမ်းမှုကြောင့် နိုင်ငံမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရပြီး လွှတ်တော်က ယွန်းကို စွပ်စွဲပြစ်တင်ကာ ဖြုတ်ချခဲ့ပါတယ်။

ဒါပေမဲ့ ဖြုတ်ချမှု အတည်ဖြစ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးရဲ့ စီရင်ချက်ကို စောင့်ဆိုင်းဆဲကာလမှာ ယွန်းကို တာဝန်က ဆိုင်းငံ့ထားတာဖြစ်ပါတယ်။

သမ္မတ ယွန်းကို ၃ ကြိမ်တိတိ စုံစမ်းမေးမြန်းဖို့ ဆင့်ခေါ်တာကို မလာခဲ့တဲ့အတွက် ဒီတပတ်အစောပိုင်းမှာ တရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ပါတယ်။

သောကြာနေ့ မနက်အစောပိုင်းမှာတော့ ရဲကားဒါဇင်ချီပြီး ယွန်း နေထိုင်တဲ့ ဆိုးလ်မြို့က အဆောက်အအုံရှေ့မှာ တန်းစီရပ်လိုက်ကြပါတယ်။

မနက် ၈ နာရီဝန်းကျင်မှာ ဖမ်းမယ့်အဖွဲ့က ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရာထူးကြီးပုဂ္ဂိုလ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံး (CIO) က တာဝန်ရှိသူတွေဟာ ခြံဝင်းထဲ ဝင်သွားခဲ့ပါတယ်။ အစောပိုင်းမှာ လူ ၂၀ နဲ့ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ ၁၅၀ ထိ တိုးလာခဲ့ပါတယ်။ ဒါတောင်မှ သမ္မတယွန်းရဲ့ လုံခြုံရေးအဖွဲ့နဲ့ အင်အားချင်း မယှဉ်နိုင်ခဲ့ပါဘူး။ 

လာဖမ်းတဲ့အဖွဲ့ထဲက ထက်ဝက်ကျော် အထဲဝင်နိုင်ခဲ့ပေမဲ့ အထဲမှာ ယွန်းရဲ့ လုံခြုံရေးအဖွဲ့နဲ့ နာရီပေါင်းများစွာ ထိပ်တိုက်တိုးခဲ့တာ ဖြစ်ပါတယ်။

သမ္မတဟာ တာဝန်က ရပ်စဲခံထားရပေမဲ့ သမ္မတလုံခြုံရေးအဖွဲ့ (PSS) ဟာ သူ့ကို ဆက်လက်ကာကွယ်ပေးထားသလို ဆိုးလ်မြို့ကို ကာကွယ်ရတဲ့ စစ်တပ်ယူနစ်တခုကလည်း အကာအကွယ် ပေးခဲ့ပါတယ်။

အဲဒီစစ်တပ်က တပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့က အဖွဲ့သားတွေဟာ လူတံတိုင်းလုပ်ပြီး ယာဉ်တွေနဲ့ ကာပြီး ဖမ်းတဲ့အဖွဲ့တွေ လမ်းကြောင်းကို ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

တကြိမ်မှာ နှစ်ဖက် ထိပ်တိုက်တိုးမလိုပါ ဖြစ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာ CIO ဘက်က ဖမ်းဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆုံးဖြတ်ပြီး ပြန်ဆုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အဆောက်အအုံရှေ့မှာလည်း ယွန်းကို ထောက်ခံသူတွေဟာ ရှေ့ရက်တွေထဲက စခန်းချ ကြိုစောင့်ခဲ့ကြတာဖြစ်ပြီး ဖမ်းဖို့အစီအစဉ် ရပ်ဆိုင်းကြောင်း ကြေညာလိုက်ချိန်မှာ အောင်ပွဲခံခဲ့ကြပါတယ်။

ကိုယ်တိုင်လည်း နိုင်ငံတော်ရှေ့နေချုပ် ဖြစ်ခဲ့ဖူးတဲ့ ယွန်းဟာ သူ့ကိုယ်သူကာကွယ်ဖို့ တရားစီရင်ရေး ယိုပေါက်တွေကို ကောင်းကောင်းကြီး နားလည်ထားတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဝရမ်းဟာ ဇန်နဝါရီ ၆ ရက်အထိ ဖြစ်တဲ့အတွက် အဲဒီဝရမ်း သက်တမ်းမကုန်မီ ဖမ်းရဖို့ရှိပါတယ်။

ဒါပေမဲ့  စနေ၊ တနင်္ဂနွေ ပိတ်ရက်ကျရင် ယွန်းကို ထောက်ခံတဲ့သူတွေ အင်အားပိုကောင်းလာနိုင်တဲ့အတွက် ပိုခက်ခဲမယ်လို့ သုံးသပ်နေကြပါတယ်။

ယွန်းဘက်က တရားရေးအဖွဲ့ကတော့ ဒီဝရမ်းကို ကန့်ကွက်သွားမှာဖြစ်ပြီး စုံစမ်းစစ်ဆေးသူတွေဟာ သမ္မတကို ဖမ်းပိုင်ခွင့်မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

ရာထူးကြီးပုဂ္ဂိုလ်များ အဂတိလိုက်စားမှု တိုက်ဖျက်ရေးရုံး (CIO) ဆိုတာကို ဖွဲ့ထားတာ ၄ နှစ်ပဲရှိသေးပြီး အရင်သမ္မတဟောင်း ပတ်ဂွမ်ဟေး ပြဿနာတွေကြောင့် လူထုမကျေမနပ် ဖြစ်ခဲ့ကြချိန်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ CIO ရဲ့ စီရင်ပိုင်ခွင့်ဟာ အခြားဌာနတွေနဲ့ ရှုပ်ထွေးမှုရှိနေသလို အခုလို ယွန်းကို မဖမ်းနိုင်ခဲ့တာကလည်း အရှက်ရစရာ ဖြစ်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013