တောင်ကိုရီးယားရဲ့ စွပ်စွဲပြစ်တင်ခံရတဲ့ သမ္မတ ယွန်းဆွတ်ခ်ယိုးဟာ သူ့ရဲ့ ကာလတို စစ်အုပ်ချုပ်ရေးကြေညာမှုနဲ့ ပတ်သက်တဲ့ တရားရေးဆိုင်ရာ တရားစွဲဆိုမှုအတွင်း သူ့ရဲ့အမြင်တွေကို တင်ပြလိုကြောင်း သမ္မတ ယွန်းရဲ့ အကြံပေးရှေ့နေ ဆော့ဒုံးဟျွန်းက ဒီဇင်ဘာ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ယွန်းဟာ သူ့ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာချက်က တော်လှန်ပုန်ကန်ခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးမှုတွေကိုလည်း ရင်ဆိုင်နေရတာပါ။
သူ့ရဲ့ရှေ့နေ ဆော့ဒုံးဟျွန်းကတော့ သမ္မတ ယွန်းဟာ နိုင်ငံကို တော်လှန်ပုန်ကန်ဖို့ စိတ်ကူးအတွေး လုံးဝမရှိခဲ့သလို အဲဒီလိုလုပ်ဖို့လည်း သဘောတူခဲ့ခြင်း မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။
“ဒီအမှုရဲ့ သဘောလက္ခဏာတွေအရ သမ္မတရဲ့ သဘောထား၊ ထင်မြင်ချက်တွေနဲ့ ခံယူချက်တွေကို ရှင်းလင်းဖို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်း အစိတ်အပိုင်းတွေ ရှိတယ်ဆိုရင် သမ္မတယွန်းဟာ ဒါတွေကို ရွှေ့ဆိုင်းခြင်းမရှိ တိုက်ရိုက်ပြောဆိုရှင်းလင်းချင်တဲ့ ဆန္ဒရှိနေပါတယ်” လို့ ရှေ့နေက ပြောပါတယ်။
သမ္မတ ယွန်းဟာ အများပြည်သူကို အံ့သြထိတ်လန့်စေမှုအတွက် တောင်းပန်ခဲ့ပြီးသားလည်း ဖြစ်ပေမဲ့ အငြင်းပွားနေတဲ့ ကိစ္စတွေမှာ ပြတ်ပြတ်သားသား ယုံကြည်မှုရှိပြီး အမှားအမှန်ကို ပိုင်းခြားရပါမယ်လို့လည်း ဆိုပါတယ်။
သမ္မတ ယွန်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က မဲခွဲဆုံးဖြတ်မှုမှာ ပါလီမန်က စွပ်စွဲပြစ်တင်ခြင်း ခံခဲ့ရပြီးတော့ သူ့ကို ရာထူးမှဖယ်ရှားခြင်း သို့မဟုတ် သူ့ရဲ့ သမ္မတအာဏာ ပြန်လည်ရယူခွင့် ရှိ၊ မရှိနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာ တရားရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။
Source : Reuters