မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေး ချမှတ်ဖို့ ကြိုးစားမှုကြောင့် တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို နိုင်ငံထဲကနေ ထွက်ခွာခွင့် ပိတ်ပင်ထားတယ်လို့ တရားရေးဝန်ကြီးဌာန အရာရှိတယောက်က ဒီဇင်ဘာ ၉ ရက်မှာ ပြောပါတယ်။
သူ ရာထူးကဆင်းပေးဖို့ တောင်းဆိုချက်တွေရော ဦးဆောင်မှု အကျပ်အတည်း နက်ရှိုင်းမှုတွေပါ ပိုတိုးလာချိန်မှာ ခုလို တားမြစ်လိုက်တာပါ။
ယွန်းက ပျက်ပြယ်သွားတဲ့ ကြိုးပမ်းမှုအတွက် တောင်းပန်ခဲ့ပြီး နိုင်ငံရေးနဲ့ တရားဥပဒေဆိုင်ရာ ကံကြမ္မာကို သူ့ပါတီဖြစ်တဲ့ အာဏာရပြည်သူ့အာဏာပါတီ (PPP) က ဆုံးဖြတ်ဖို့ ချန်ထားခဲ့မယ်လို့ ပြောခဲ့ပေမဲ့ ရာထူးကနေ နုတ်မထွက်သေးပါဘူး။
ယွန်းဟာ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ခံနေရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ခရီးသွားလာမှု တားမြစ်မိန့်ကို စီမံဆောင်ရွက်နေပြီလို့ တရားရေးဝန်ကြီးဌာန အရာရှိ ဘေဆန်အပ်က ကော်မတီကို ပြောခဲ့ပါတယ်။
ယွန်းဟာ စနေနေ့က လွှတ်တော်တွင်း စွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်ချက်ကနေ လွတ်မြောက်ခဲ့ပေမဲ့ သူ့ပါတီက သမ္မတရဲ့ အခွင့်အာဏာကို ၀န်ကြီးချုပ်ဆီလွှဲဖို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။
ဒါကြောင့် အမေရိကန်ရဲ့ အဓိကမဟာမိတ် တောင်ကိုရီးယားကို ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဆီ တွန်းပို့သလို ဖြစ်ခဲ့ပါတယ်။
Source : Reuters