တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဖမ်းဝရမ်းထုတ်တဲ့ လက်ရှိ လုပ်ထုံးလုပ်နည်းက မသင့်လျော်ကြောင်းနဲ့ သမ္မတယွန်းဟာ တရားမျှတမှု မရှိစွာ မသင့်မလျော် ဆက်ဆံခံနေရပြီးတော့ သွေးထွက်သံယိုဖြစ်မှုကို ရှောင်ရှားရမှာဖြစ်ကြောင်း သမ္မတရဲ့ လုံခြုံရေးအကြီးအကဲ ဘတ်ဂျုံးဂျွန်းက ဇန်နဝါရီ ၁၀ ရက်မှာ ပြောပါတယ်။
သမ္မတလုံခြုံရေးတပ်ဖွဲ့ (PSS) ရဲ့ အကြီးအကဲဖြစ်သူ ဘတ်ဂျုံးဂျွန်း ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ယွန်းကို ဖမ်းဝရမ်းထုတ်ဖို့ ကြိုးစားနေတဲ့ စုံစမ်းစစ်ဆေးသူတွေနဲ့ PSS အေးဂျင့်တွေအကြား ၆ နာရီကြာလောက် ထိပ်တိုက်တွေ့မှုနဲ့ ပတ်သက်ပြီး ဝတ္တရားနှောင့်ယှက်မှုအတွက် စုံစမ်းစစ်ဆေးခံနေရတာပါ။
ရဲဌာနချုပ်ကို စစ်ဆေးမေးမြန်းခံဖို့ ရောက်လာချိန်မှာ အကြီးတန်းရဲအရာရှိဟောင်းတယောက် ဖြစ်တဲ့ ဘတ်ဂျုံးဂျွန်းက လက်ရှိရာထူးသက်တမ်းရှိသေးတဲ့ သမ္မတတယောက်ကို ဖမ်းဆီးဖို့ ကြိုးပမ်းမှုဟာ မှားယွင်းနေပြီး သမ္မတ ယွန်းဟာ နိုင်ငံတော်သမ္မတ တယောက်ရဲ့ အမျိုးသားဂုဏ်သိက္ခာနဲ့အညီ လိုက်ဖက်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွေ ရှိသင့်တယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။
“ကိုယ်ထိလက်ရောက် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဒါမှမဟုတ် သွေးထွက်သံယို မဖြစ်သင့်ဘူးလို့ ယုံကြည်ပြီးတော့ ဒီလိုအခြေအနေမျိုးတွေကို တားဆီးဖို့အတွက် အစိုးရနဲ့ ကြားဝင်ညှိနှိုင်း ဖျန်ဖြေ အကြံပြုပေးဖို့ ယာယီသမ္မတ ချွဲဆန်းမော့ကို အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်” လို့ ဘတ်ဂျုံးဂျွန်းက ပြောပါတယ်။
တတိယရွေးချယ်စရာအတွက်တော့ သမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ ဥပဒေရေးရာအဖွဲ့ကို တောင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တာကြောင့် စွပ်စွဲပြစ်တင်ခံနေရပြီး ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအတွက် ဖမ်းဆီးမိန့်ကို ရင်ဆိုင်နေရတဲ့ သမ္မတ ယွန်းဟာ ဆိုးလ်မြို့ရှိ သူ့ရဲ့ တောင်ကုန်းထိပ်နေအိမ်မှာ ရက်သတ္တပတ်ချီ အိမ်တွင်းအောင်းနေတာ ဖြစ်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ငယ်တဖွဲ့က စောင့်ကြပ်နေတာ ဖြစ်ပါတယ်။
Source : Reuters