အခုနှစ်တွေအတွင်း တရုတ်မယားအဖြစ် အဓမ္မရောင်းစားခံတာတွေဟာ စိုးရိမ်ဖွယ်ရာ ပိုများလာပြီး တရုတ်နယ်စပ်မဟုတ်တဲ့ ဒေသတွေကလည်း ရောင်းစားခံရတာတွေရှိတယ်လို့ ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ (KWAT) ဆီက သိရပါတယ်။
KWAT က အစီရင်ခံစာအသစ်တစောင်လည်း ထုတ်ပြန်ထားပြီး လွန်ခဲ့တဲ့နှစ်တွေက တရုတ်နိုင်ငံဆီ ဇနီးမယားအဖြစ် လူကုန်ကူးခံရမှု အများစုဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က ဖြစ်ပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ လူကုန်ကူးခံရသူ တဝက်ကျော်ဟာ ရန်ကုန်လိုမျိုး တခြား မြန်မာနိုင်ငံ ဒေသအသီးသီးက ပါဝင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
KWAT ရဲ့ တာဝန်ရှိသူတယောက်က “ကျမတို့ ၂၀၁၈ အထိကို Data Analysis လုပ်ထားတာ ရှိတဲ့အပေါ်မှာ အခြေခံပြီးတော့မှ ၂၀၁၉ မှာ ပြန်ပြီးလာကြည့်တဲ့အပေါ်မှာ ၃ ဆ မြင့်တက်တယ်ဆိုတာ တွေ့ရတယ်ပေါ့။ ခါတိုင်းတော့ တနှစ်လုံးမှာ ကျမတို့ဆီမှာ ကူညီပံ့ပိုးတာ အယောက် ၅၀၊ ၈၀ ကြား အကူအညီလိုလို့ ရောက်လာကြတယ်။ ၂၀၁၉ မှာတော့ ၁၅၀ ဝန်းကျင် ဖြစ်သွားတယ်။ ဖြစ်ပျက်နေတဲ့ အမျိုးသမီးတွေက အများကြီးရှိတယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်ဂိတ်တွေပိတ်တာ၊ ခရီးသွားလာတာကို ကန့်သတ်တာနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့နောက်ပိုင်း ဖြစ်ပွားတဲ့ စစ်ပဋိပက္ခတွေကြောင့် ဒီကာလတွေမှာ တရုတ်ဇနီးမယားအဖြစ် အတင်းအဓမ္မ လူကုန်ကူးခံရမှုနှုန်း လျော့ကျခဲ့ပေမဲ့ အဲဒီအစား အမျိုးသမီးတွေဟာ ရှမ်းပြည်အရှေ့မြောက်ပိုင်းက တရုတ်ဦးစီးတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေဆီမှာ ရောင်းစားခံရတာ စတင်လာတယ်လို့ KWAT ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရသူ အမျိုးသမီးအများစုဟာ ဆွေမျိုးသားချင်းတွေ၊ အသိမိတ်ဆွေဆီကတဆင့် တိုက်ရိုက်စုဆောင်းခံရတာဖြစ်ပြီး အဲဒီသူတွေဟာ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတဝန်းမှာ အရင် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ကြီးထွားလာခဲ့တဲ့ လူမှောင်ခိုဂိုဏ်းတွေနဲ့ ချိတ်ဆက်နေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
KWAT က ကူညီပေးခဲ့တဲ့ လူကုန်ကူးခံရတာကနေ ရှင်သန်လွတ်မြောက်လာသူ ၁၈၇ ယောက်နဲ့လည်း မေးမြန်းလေ့လာထားပြီး အမျိုးသမီးအများစုဟာ ဇနီးမယားအဖြစ် အတင်းအဓမ္မ ရောင်းစားမခံရခင် တရုတ်နိုင်ငံက စက်ရုံတွေ၊ လယ်ယာတွေမှာ လစာကောင်းကောင်းနဲ့ အလုပ်ပေးမယ်ဆိုပြီး နယ်စပ်ဖြတ်ကျော်ဖို့ သွေးဆောင်ဖျားယောင်း ခံကြရတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့က ရောင်းစားခံခဲ့ရသူ အမျိုးသမီးတယောက်က “ကျမနေတဲ့ အိမ်ရှင် ဦးလေးလင်မယားနဲ့ ခင်ကြသူတွေ ရောက်ရှိလာပြီး ကျမကို တရုတ်ယောက်ျားယူဖို့အတွက် ဦးလေးလင်မယားကို လာရောက်ပြောဆိုခဲ့တယ်။ ကျမက အဲဒီမနက်မှာ တောင်ယာတက်ပြီး အလုပ်သွားလုပ်ဖို့ ပြင်နေတဲ့အချိန် ဖြစ်တယ်။ ကျမကို တောင်ယာမသွားခိုင်းတော့ဘဲ တရုတ်ယောက်ျားယူဖို့ပြောပြီး တရုတ်ယောက်ျားက အရမ်းချောတယ်၊ အသက်လည်း ၂၀ ကျော်လောက်ပဲ ရှိတယ်၊ စိတ်ထားလည်း အရမ်းကောင်းတယ်၊ အရက်လည်းမသောက်ဘူး၊ သူ့ကိုယူရင် နတ်ကိုးကွယ်ရာကနေ ခရစ်ယာန်ဘာသာကို ပြောင်းမယ်လို့လည်း ပြောတယ်၊ လယ်ယာတွေလည်း အများကြီးပိုင်တယ် ဆိုပြီး ကျမကို အကောင်းတွေပဲပြောဆို စည်းရုံးခဲ့တယ်။ အဲဒါနဲ့ ကျမတောင် ယူမယ်မပြောသေးဘူး စဉ်စားဦးမယ်လို့ပဲ ပြောသေးတယ်၊ တပတ်အတွင်းမှာ ဦးလေးလင်မယားနဲ့ သူတို့တွေပေါင်းပြီး အိမ်နီးနားကသူတွေကိုခေါ်ကာ ဆုတောင်းပွဲ လုပ်ကြတယ်။ ဆုတောင်းပွဲမှာ ပွဲစားတွေရဲ့ သူငယ်ချင်းတွေနဲ့ တရုတ်ယောက်ျားရဲ့ အမလည်း ရောက်လာခဲ့တယ်။ ကျမရဲ့ ကွမ်းဖိုးဆိုပြီးတော့ ယွမ် ၃,၀၀၀ ကို ဦးလေးလင်မယားကို ပေးကြတယ်။ နောက်ပိုင်း တရုတ်ယောက်ျား ကျမကို ပြောပြတာက သူတို့ပေးလိုက်တာက ယွမ် ၁၀,၀၀၀ ကျော်လို့ ပြောပြတယ်” လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ အဲဒီယောကျ်ားဟာ စရိုက်ကြမ်းပြီး မူးယစ်ဆေးဝါးကြောင့် တရုတ်ပြည်မှာရော၊ မြန်မာနိုင်ငံမှာပါ ထောင်အကြိမ်ကြိမ်ကျဖူးသလို အရက်လည်း ခဏခဏသောက်ပြီး မူးတိုင်းလည်း နှိပ်စက်တယ်လို့ သူက ပြောပါတယ်။
သမီးတယောက်လည်း မွေးခဲ့ပြီး နောက်ပိုင်းမှာ ရန်ဖြစ်ရင်း ဓားနဲ့ပါ ခုတ်တာကြောင့် ၃ နှစ်အရွယ် သမီးကို ထားခဲ့ပြီး အိမ်နီးနားချင်းမိတ်ဆွေရဲ့ အကူအညီနဲ့ ဝမ်တိမ်ကနေ ရွှေလီမြို့ကို အဆင့်ဆင့် ထွက်ပြေးလာခဲ့ရတယ်လို့ ဆိုပါတယ်။
ထွက်ပြေးလွတ်မြောက်နိုင်တဲ့ အဓိကနည်းလမ်းတခုကတော့ တရုတ်ရဲတွေဆီမှာ ကိုယ်တိုင် အဖမ်းခံတာဖြစ်ပေမဲ့ နှစ်ချီလှောင်ပိတ်ခံရတဲ့သူတွေနဲ့ ကလေးတယောက် ဒါမှမဟုတ် တယောက်ထက်ပို မွေးဖွားပြီးမှပဲ အဲဒီလိုလုပ်နိုင်ကြတယ်လို့ KWAT က သုံးသပ်ထားပါတယ်။
KWAT ရဲ့ တာဝန်ရှိသူတယောက်က “တချို့မိန်းကလေးကျတော့ ကလေးမမွေးဘူး။ အိမ်ဖော်ပုံစံလိုမျိုး၊ တရားဝင်မယားလိုမျိုး ခေါ်ထားတာရှိတယ်။ တချို့ကျတော့လည်း ကလေး တယောက်၊ နှစ်ယောက်မွေး၊ သူတို့လိုအပ်သလောက်မွေးပြီး ပြန်ပြီးရောင်းစားတာမျိုးရှိတယ်” လို့ ပြောပါတယ်။
KWAT က ကူညီပေးခဲ့တဲ့ ရန်ကုန်မြို့က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတယောက်ကလည်း မိခင်နဲ့စိတ်ဆိုးပြီး ရင်းနှီးသူတယောက်နဲ့ သွားနေတုန်းမှာ တရုတ်ယောကျ်ားနဲ့ယူရင် ငွေနဲ့ ရွှေတွေရမယ့် အကြောင်း၊ ၁ လ ၂ လ ပေါင်းသင်းပြီးရင် ပြန်ခေါ်ပေးမယ်လို့ စည်းရုံးခံရပြီး သဘောတူတာကြောင့် တရုတ်ပြည်ကိုခိုးဝင် ယောကျ်ားယူခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲဒီနောက် ဖေ့စ်ဘွတ်ခ်ကတဆင့် မိခင်နဲ့ အဆက်အသွယ်ရပြီး မူဆယ် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စုရုံးက ဖုန်းဆက်သွယ် လမ်းညွှန်ကူညီလို့ ထိန်ချုံမြို့ရဲစခန်းမှာ ၁ လကျော် ထိန်းသိမ်းခံရပြီး ပြန်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
DVB က ရရှိထားတဲ့ သတင်းတွေအရလည်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ဘက်ကို ရောက်နေကြတဲ့ အလုပ်လက်မဲ့ မြန်မာအမျိုးသမီးတချို့ဟာ စားဝတ်နေရေး အခက်အခဲကို ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ကိုယ့်ကိုယ်ကိုယ် ရောင်းစားနေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၄ ခုနှစ် ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံးအဆင့် Tier 3 မှာ ဆက်လက်သတ်မှတ်ထားပြီး လူကုန်ကူးမှုတွေမှာ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်တဲ့ နိုင်ငံ ၁၃ နိုင်ငံစာရင်းမှာပါ ထည့်သွင်းထားပါတယ်။