Home
မြန်မာသတင်း
ရွှေလီရောက်မြန်မာမိန်းကလေးအချို့ တရုတ်မယားအဖြစ် ကိုယ့်ကိုယ်ကိုရောင်းစား
DVB
·
November 16, 2024

တရုတ်နိုင်ငံ၊ ရွှေလီမြို့ဘက်ကိုရောက်နေကြတဲ့ အလုပ်လက်မဲ့ မြန်မာအမျိုးသမီးတချို့ဟာ စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ တရုတ်နိုင်ငံသားရဲ့ဇနီးမယားအဖြစ် ကိုယ့်ကိုယ်ကို ရောင်းစားနေကြပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ တဘက်ခြမ်းက ရွှေလီမြို့မှာရှိတဲ့ စက်ရုံအလုပ်ရုံတွေမှာ အလုပ်ရှာဖွေဖို့ မြန်မာပြည်အရပ်ရပ်က ပြည်သူတွေဟာ နေ့စဉ်ရောက်လာနေပြီး အကြောင်းအမျိုးမျိုးကြောင့် အလုပ်မရဘဲ ဒုက္ခရောက်နေကြတဲ့ မြန်မာအမျိုးသမီးတွေလည်းရှိပါတယ်။

သူတို့ဟာ စားဝတ်နေရေးအခက်ခဲကို ဖြေရှင်းနိုင်ဖို့နဲ့ နေရပ်မှာကျန်ခဲ့တဲ့ မိသားစုတွေကို ထောက်ပံ့နိုင်ဖို့ ကိုယ့်ကိုယ်ကို တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် ရောင်းစားနေတာတွေ ရှိနေတယ်လို့ ကာယကံရှင်တွေနဲ့နီးစပ်သူတွေက ဆိုပါတယ်။

“၅ လပိုင်း ၆ လပိုင်းကဆိုရင် (ယွမ်)၈ သောင်းထိ ဈေးပေါက်သေးတယ်။ အခုဆိုရင် ၂ သောင်း လောက်နဲ့ပဲ ဈေးပေါက်ပြီးတော့မှ မြန်မာမိန်းကလေးတွေ သူတို့ကိုယ်သူတို့ ရောင်းစားတဲ့ဟာတွေ ပွဲစားတွေကလည်း ဖြတ်စားပြီးတော့မှ သူတို့ဆီရောင်းရင် ၂ သောင်း၊ ၁ သောင်းခွဲ၊ အဲလောက်ပဲ ရတော့တာ။ တချို့ဆို ဗမာငွေနဲ့ပဲပေးတယ် အဲဒီကောင်မလေးတယောက်ဆိုရင် သိန်း ၁၂၀ ပဲပေးတယ်။ ၁၂၀ ဆို တရုတ်ငွေနဲ့ ၂ သောင်းကျော်လောက်ပဲရှိတာလေ။ အဲဒီ ၂ သောင်းကျော်တောင် သူတို့နဲ့ ၁ လလောက်နေပြီးမှပေးတ၊ အရစ်ကျ”

ပြည်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့သူတွေဟာ   သူတို့ရဲ့ ဝမ်းရေးအပြင် အနာဂတ်တွေအတွက် အိမ်နီးချင်းနိုင်ငံတွေကို သွားလောက်ခိုလှုံနေကြရပါတယ်။

အများစုကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်းနဲ့ မလေးရှားစတဲ့နိုင်ငံတွေဆီ သွားရောက်ကြပြီး တရားမဝင် ဝင်ရောက်လို့ လူကုန်ကူးခံရတာရှိသလို တချို့ကလည်း ဝမ်းရေးအတွက် ကိုယ့်ကိုယ်ကိုရောင်းစားတာမျိုးတွေ ဖြစ်လာတာပါ။

တရုတ်နိုင်ငံသားရဲ့ ဇနီးမယားအဖြစ် လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီးတွေဟာ လက်ဆင့်ကမ်း ရောင်းချခံရတာတွေလည်းရှိနေတယ်လို့ နီးစပ်သူတွေကဆိုပါတယ်။

“စစ်အာဏာသိမ်းပြီး ကုန်ဈေးနှုန်းကြီးတာနဲ့ အလုပ်အကိုင်ရှားပါးတာနဲ့ ကျမတို့နိုင်ငံကလူတွေက အဲဘက်မှာ အလုပ်သွားလုပ်ကြတာ။ အလုပ်အကိုင်အဆင်မပြေမှုကြောင့် လူမှောင်ခိုကူးခံရတာနဲ့ မယားအဖြစ် ရောင်းစားခံရတာနဲ့ ပြန်ကိုမလာတော့ဘူး။ အိမ်ထောင်ပြုတယ်လို့ပြောပေမယ့် တောရွာမှာအိမ်ထောင်ပြုတဲ့ဟာတော့ တသက်လုံး အိမ်ထောင်ပြုထားတာရှိတယ်။ တချို့ဟာကျတော့ တဆင့်ပြီးတဆင့် ရောင်းစားခံရတယ်။ တဆင့်ပြီးတဆင့် အိမ်ထောင်ပြုပြီး ကလေးမွေးပေးပြီး နောက်ထပ်ပြန်ရောင်းတယ်။ ပွဲစားက အဲလိုလုပ်သွားတာလည်းရှိတယ်”

ကိုယ့်ဟာကိုရောင်းစားတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိတယ်ဆိုတာတော့ DVB က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၄ နှစ်နီးပါးကာလအတွင်း စစ်ကောင်စီတပ်ဟာ ပြည်သူလူထုနေအိမ်ပေါင်း ၈ သောင်းကျော်ကို မီးရှိုးဖျက်ဆီးခဲ့ပြီး အိုးအိမ်မဲ့ဖြစ်သွားရတဲ့ မိသားစုဝင်တွေထဲက သိန်းနဲ့ချီတဲ့ အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီးတွေဟာ မိသားစုဝမ်းရေးအတွက် တရုတ်နိုင်ငံဘက်ကို သွားရောက် အလုပ်လုပ်ကိုင်ရင်း လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ လူကုန်ကူးခံရတာတွေနဲ့ ကြုံတွေ့နေရပါတယ်။

နိုင်ငံတဝန်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့် ခွာသူဦးရေ ၃ သန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ကထုတ်ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာရဲ့ ၂၀၂၄ ခုနှစ်ထုတ်ပြန်ချက်ထဲမှာတော့  မြန်မာနိုင်ငံကို လူကုန်ကူးမှု အဆိုးဆုံးအဆင့် Tier 3 မှာ ဆက်လက်သတ်မှတ်ထားပြီး လူကုန်ကူးမှုတွေမှာ အစိုးရကိုယ်တိုင် ပါဝင်ပတ်သက်တဲ့ နိုင်ငံ ၁၃ နိုင်ငံစာရင်းမှာပါ ထည့်သွင်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013