Home
မြန်မာသတင်း
ရွှေလီရောက် မြန်မာများကို တရုတ်က တင်းကျပ် စစ်ဆေးဖမ်းဆီးနေ
DVB
·
October 23, 2024
Photo - Pra Jaw

တရုတ်-မြန်မာနယ်စပ်၊ ရွှေလီမြို့ရောက် မြန်မာနိုင်ငံသားတွေကို လတ်တလော တရုတ်ဘက်က စစ်ဆေးရေး တင်းကျပ်ပြီး ထပ်မံဖမ်းဆီးနေတယ်လို့ ရွှေလီရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

ရွှေလီက ကျောက်စိမ်းလုပ်ငန်းရှင် မြန်မာအမျိုးသမီးတယောက်က “ဒီ ရွှေလီဘက်လည်း လူ (မြန်မာနိုင်ငံသားတွေ) အရမ်းဖမ်းတယ်။ ကျမအဒေါ်တယောက်ကို ဖမ်းသွားလို့ မနည်းပြောပြီး ပြန်ထုတ်လာရတာ။ (မြန်မာဘက်) ပို့လိုက်မယ်လို့ ပြော‌နေတာ။ ကလေးနှစ်ယောက်အမေ။ လမ်းမှာ ဖမ်းခံရလို့။ ကလေးရော ခေါ်သွားလိုက်၊ မြန်မာနိုင်ငံ ပြန်ဆိုပြီး မောင်းထုတ်နေတာ။ လူအများကြီး မနည်းဝိုင်းပြောပြီးမှ ပြန်ထုတ်လာနိုင်တာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံဘက်က နယ်စပ် ယာယီဖြတ်ကျော်ခွင့် လက်မှတ်နဲ့ တရုတ်ဘက်က စက်ရုံတွေမှာ အလုပ်လာလုပ်မယ့် မြန်မာလုပ်သားတွေ စက်ရုံလုပ်ငန်းရှင်တွေဆီက လမ်းစရိတ်ယူပြီး ရွှေလီရောက်တာနဲ့ စက်ရုံမှာမလုပ်ဘဲ ထွက်ပြေးကြလို့ လုပ်ငန်းရှင်တွေက ရဲကို ပြန်တိုင်တော့ ထွက်ပြေးတဲ့ မြန်မာလုပ်သားတွေကို တအိမ်ဝင် တအိမ်ထွက် မွှေနှောက်ရှာဖွေရာက နေထိုင်ခွင့်သက်တမ်းလွန်နေတဲ့ မြန်မာနိုင်ငံသားတွေပါ ဖမ်းခံရကုန်တာလို့ လုပ်ငန်းရှင် အမျိုးသမီးက ပြောပါတယ်။

“အိမ်တွေမှာရော လိုက်ဖမ်းနေတယ်။ အမြဲတမ်း သတိနဲ့ပဲ နေနေရတယ်။ ဘယ်သွားသွား ကြောက်နေရတယ်။ အိမ်မှာပဲနေလည်း ကြောက်နေရတယ်။ ရှာဖွေ စားသောက်ရတာ ခက်လာပြီ။”

မြန်မာနိုင်ငံ ပြန်မယ်ဆိုရင်လည်း ကိုယ့်နေရပ် မြို့တမြို့လုံး စစ်ရှောင်နေရလို့ အဆင်မပြေ၊ တရုတ်ဘက် ရွှေလီမှာ နေနေရင်လည်း အရင်ကလို အေးအေးဆေးဆေး ငြိမ်ငြိမ်လေးနေလို့ မရ‌တော့ဘဲ တရုတ်တွေ ဖမ်းဆီးစစ်ဆေးနေတဲ့အပြင် စီးပွားရေးက ကျတာနဲ့ ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ စိတ်ကုန်နေပြီလို့ ဒေသခံက ပြောပါတယ်။

နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် အနီနဲ့ အလုပ်လုပ်ကိုင် နေထိုင်သူတွေပါ စာအုပ် တပါတည်း မပါလာဘဲနဲ့ အပြင်သွားမယ်ဆိုရင် စစ်ဆေးရေး အရမ်းတင်းကျပ်တယ်လို့ ရွှေလီမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

“အရင်တပတ် ညနေပိုင်း ကျမတို့ညီအစ်မ ရွှေလီကနေ ကျယ်ဂေါင်ကို ဈေးခဏသွားဝယ်တာ၊ အသွားကျတော့ ဘာမှမပြောဘူး။ အပြန်ကျတော့ တံတား ဟိုင်းကွမ်း (စစ်ဆေးရေးဂိတ်) မှာ စစ်တယ်။ ကျမညီမက စာအုပ်မေ့ကျန်ခဲ့တာ လုံးဝ ပေးမဖြတ်ဘူး။ အမျိုးမျိုး စစ်မေးနေတာ။ ဘယ်လိုမှ ပြောလို့မရတော့ စာအုပ်ပြန်ယူ‌ပေးပြီး လာပြောမှ ပြန်လွှတ်ပေးတယ်။ တက္ကစီ စီးရင်တော့ စစ်ကိုစစ်တယ်။”

ဆိုင်ကယ် ကယ်ရီသမားတွေက ညထွက်လို့မရရင် ဂိုဒေါင်မှာပဲ အိပ်ကြတာဖြစ်‌ပေမဲ့ လက်ရှိတော့ တရုတ်ဘက်က ဂိုဒေါင်မှာ လူမအိပ်ခိုင်းဘဲ ဂိုဒေါင်တွေပါ လိုက်စစ်နေတာလို့ အဝယ်တော်လုပ်နေတဲ့ မြန်မာလုပ်ငန်းရှင် အမျိုးသမီးက ပြောပါတယ်။

ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် ၇ ရက် တပတ် ကတ်အစိမ်း‌နဲ့ ဝင်လာသူတွေကတော့ တရုတ်ဘက် ဥပဒေအရ တရားဝင် အလုပ်လုပ်ခွင့် မရှိပေမဲ့ လုပ်သားရှားပါးမှုကြောင့် နယ်စပ် စက်ရုံ‌တွေမှာ နားလည်မှုနဲ့ အလုပ်လုပ်ခွင့် ပြုထားတာဖြစ်ကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

Pra Jaw

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013