တရုတ်နိုင်ငံရဲ့ အကြီးအကဲ ရှီကျင်းဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ဟာ ၂၀၂၁ ခုနှစ် မတ်လကနေစပြီး ပိုမိုနီးကပ်လာတဲ့ ပေါင်းစည်းမှုတွေဟာ နိုင်ငံရေး၊ စစ်ရေးနဲ့ ကမ္ဘာ့အဆင့်တွေမှာ အဓိကအခန်းကဏ္ဍတခုအဖြစ် ပေါ်လွင်လာပါတယ်။ အဲဒီလို ဆက်နွှယ်မှုတွေဟာ မတည်မငြိမ်ဖြစ်နေတဲ့ စစ်ကောင်စီရဲ့အာဏာကို ခိုင်မာစေပြီး ပိုမိုကြီးကျယ်သော နိုင်ငံရေးအချိုးအကွေ့တွေကို သယ်ဆောင်လာတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အာဏာလိုချင်တပ်မက်မှု
မင်းအောင်လှိုင်ဟာ မြန်မာ့တပ်မတော် ဗိုလ်ချုပ်မှူးကြီးအဖြစ် အာဏာကို ကိုင်တွယ်ထားပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က နိုင်ငံအတွင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်အင်အားနဲ့ တရားဝင်အစိုးရကဲ့သို့ လက်တွေ့အုပ်ချုပ်နေတဲ့သူ ဖြစ်လာခဲ့ပါတယ်။ အကြမ်းဖက်မှု၊ ဖမ်းဆီးမှုများနဲ့အတူ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးတွေကို ချိုးဖောက်လျက် မင်းအောင်လှိုင်ဟာ အစိုးရမဟုတ်ဘဲ မတရားအုပ်ချုပ်သူအဖြစ်သာ လူထုရဲ့ လေးစားမှုကို မရရှိခဲ့ပေ။
ဒါပေမဲ့လည်း သူဟာ ကိုယ့်အတွက် အာဏာကို ဆက်လက်ကိုင်စွဲထားမှ ရမယ်လို့ ယူဆကာ ပြည်တွင်းစစ်ကို ဆက်လက်ရှည်ကြာစေခဲ့တဲ့ စစ်သွေးကြွ စစ်မိစ္ဆာ စစ်ဘီလူးသဘက်ကဲ့သို့ ပြည်သူလူထုရဲ့ အသက်သွေး ချွေးတို့နဲ့ သူရဲ့အသက်ကို ဆက်လျက်ရှိပါတယ်။
မင်းအောင်လှိုင်ရဲ့ အာဏာလိုချင်တပ်မက်မှုဟာ သူ့ကို အသိအမှတ်ပြုခံရရုံ ဆန္ဒသာမက နိုင်ငံတနိုင်ငံရဲ့ အကြီးအကဲတဦးအဖြစ် စွမ်းရည်အရှိဆုံး အုပ်ချုပ်သူအဖြစ်ပါ အသိအမှတ်ပြုခံချင်တဲ့ အာဏာကို ရူးသွပ်သူအဖြစ်လည်း မြင်ရမှာပါ။ မင်းအောင်လှိုင်ဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဓိကအခန်းကဏ္ဍဖြစ်တဲ့ နယ်ချဲ့ရန်ကိုမဟုတ်ဘဲ နိုင်ငံအတွင်းက ကိုယ့်ပြည်သူလူထုကိုသာ ရန်သူသဖွယ် ပြုမူဆက်ဆံနေတဲ့ အကြမ်းဖက် ဖက်စစ်တပ်ရဲ့ ခေါင်းကိုင်တယောက်လိုပါပဲ။ ဒါ့အပြင် မတရားသော အုပ်ချုပ်မှုလုပ်ငန်းတွေကိုသာ အထောက်အပံ့ပေးနေတဲ့ သူအဖြစ်သာ ပြည်သူတွေက သတ်မှတ်လာကြပါတယ်။
ရှီကျင်းဖျင်ရဲ့ မြန်မာနိုင်ငံက စီးပွားရေးနှင့် အာဏာကို မင်းအောင်လှိုင်မှတဆင့် ရယူမှု
တရုတ်နိုင်ငံရဲ့ အကြီးအကဲ ရှီကျင်းဖျင်ဟာ နိုင်ငံအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံရေးကို မြန်မာနိုင်ငံနဲ့ တလျှောက်လုံးထားခဲ့ပြီး မြန်မာနိုင်ငံအတွက် စီးပွားရေးနဲ့ နိုင်ငံရေး ထိန်းချုပ်မှုတွေကို အထောက်အပံ့ပေးနေခဲ့တာ တွေ့ရပါတယ်။ အဲဒီလို ဆက်ဆံရေးတွေက အထူးသဖြင့် မင်းအောင်လှိုင်နဲ့ တရုတ်အစိုးရတို့ အချင်းချင်း အပြန်အလှန်အားကိုးရတဲ့ ဆက်နွှယ်မှုကို ဖော်ဆောင်ရာမှာ အဓိကအခြေပြု လက်နက်တွေသဖွယ် ဖြစ်လာပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုတွေ၊ ဆောက်လုပ်ရေးလမ်းကြောင်းနဲ့ စစ်ရေးပံ့ပိုးမှုတွေကို ပံ့ပိုးပေးပြီး မတရားတဲ့ စစ်အာဏာရှင်ကို ပြန်လည်ဆန့်ကျင်လာတဲ့ ပြည်သူတွေကို ထိန်းချုပ်ဖို့ စိတ်ဝင်တစား ကြိုးစားလာတာ တွေ့လာရပါတယ်။ ပြည်သူလူထုက လုံးဝအုပ်ချုပ်ခွင့်မပေးတဲ့ စစ်တပိုင်း တရားမဝင်အစိုးရကို ပေါ်ပေါ်တင်တင် ကျောထောက်နောက်ခံ ပေးလာပါတယ်။
တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ မင်းအောင်လှိုင်ကို အကောင်းဆုံး အသုံးချနိုင်တဲ့ စစ်ဦးစီးချုပ်အဖြစ်သာ မြင်ကာ မတည်မြဲတဲ့ သူ့ရဲ့အုပ်ချုပ်မှုကို ထိန်းချုပ်ပေးဖို့ စီမံကိန်းတွေချကာ ဆောင်ရွက်ပေးနေပါတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံကို ပိုမိုထိန်းချုပ်နိုင်မယ့် အခြေအနေတွေဖြစ်စေတဲ့ ကွန်ရက်တခုကို တည်ဆောက်ကာ မဟာဗျူဟာကျကျ ဆောင်ရွက်စေပြီး ပိုမိုအထောက်အပံ့ပေးတဲ့ ဆက်ဆံရေးနည်းစနစ်တခုကို ရှီကျင်းဖျင်ဟာ လိမ္မာပါးနပ်စွာ သုံးစွဲလာတာ တွေ့ရပါတယ်။
အမှတ်လက္ခဏာနဲ့ သတိပေးချက်
မင်းအောင်လှိုင်နဲ့ ရှီကျင်းဖျင်တို့ရဲ့ ထိပ်တန်းလျှို့ဝှက် ဆက်ဆံရေးတွေဟာ တရားမျှတမှုမရှိတဲ့ အာဏာချုပ်ကိုင်ရေးစနစ်ကို ဖော်ဆောင်လာမယ့် အလားအလာတွေ ကြီးကြီးမားမား ရုပ်လုံးကြွလာတာ ဖုံးဖိမရတော့လောက်အောင် နိုင်ငံတကာမှာပါ ဟိုလေးတကြော် ဖြစ်လာပါတယ်။ သို့သော်လည်း အဲဒီစနစ်ဟာ မျိုးဆက်သစ်တွေအတွက်တော့ စစ်ဘေး စစ်အန္တရာယ်ကို သက်သာစေခြင်းမရှိဘဲ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကိုသာ ဆက်လက်ဖြစ်ပေါ်စေမှာ မြေကြီးလက်ခတ်မလွဲပါပဲ။
တရုတ်၊ မြန်မာ စကစနဲ့ NUG တို့ကို ပထဝီနိုင်ငံရေးရှုထောင့်ကနေ သတ္ထုချကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက NUG (National Unity Government of Myanmar) ကို မထောက်ခံဘဲ စစ်ကောင်စီ (SAC: State Administration Council) ကို ထောက်ခံနေရတဲ့ အကြောင်းရင်းတွေထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ မူဝါဒဆိုင်ရာ အချက်တွေက အဓိက ပါဝင်နေပါတယ်။
၁။ နိုင်ငံရေး စိတ်ဝင်စားမှု
တရုတ်နိုင်ငံက အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအပြောင်းအလဲတွေကို လေ့လာပြီး သူတို့ရဲ့ အကျိုးစီးပွားအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲ ဆိုတာကို ဦးစားပေး စဉ်းစားတတ်တာ တွေ့ရပါတယ်။ တရုတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်မြဲမှုရှိဖို့ အရေးကြီးတယ်လို့ ယူဆနေကြပြီး စစ်ကောင်စီကို ထောက်ခံခြင်းဟာ မြန်မာနိုင်ငံအတွင်း သမားရိုးကျအခြေအနေကို ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းလို့ အထင်ရှိနိုင်ပါတယ်။ ပြည်တွင်းရေးအကျိုးစီးပွားတွေအတွက် ဝင်မစွက်ဖက်တဲ့ နိုင်ငံတကာမူဝါဒ (non-intervention policy) အရလည်း တရုတ်က NUG ကို တရားဝင်အစိုးရ အဖြစ် မဖြစ်နိုင်ကြောင်း သတ်မှတ်နိုင်ပါတယ်။
၂။ စီးပွားရေး အကျိုးစီးပွား
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအပေါ် စီးပွားရေးအကျိုးစီးပွား အများကြီးရှိပါတယ်။ မြန်မာကတဆင့် ရေနံ၊ ရထားပိုက်လိုင်းများ၊ ကမ်းလွန်တင်ပို့မှု စက်ရုံတွေ တည်ဆောက်မှုတို့ဟာ တရုတ်က အားပေးပြီး တရုတ်ကုမ္ပဏီကြီးတွေက စွမ်းအင်အရင်းအမြစ်တွေ သတ္တုတွင်းတွေအပေါ် စိတ်ဝင်စားမှုတွေ ရှိပါတယ်။ စစ်ကောင်စီက တရုတ်နဲ့ ပူးပေါင်းလုပ်ကိုင်မှုတွေကို ခွင့်ပြုပေးပြီး NUG နဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် အခက်အခဲတွေ ဖြစ်ပေါ်တယ်လို့ ယူဆနေပါတယ်။
၃။ အစိုးရစနစ်နဲ့ သွေဖည်မှု
တရုတ်အနေနဲ့ သူတို့ရဲ့ လက်ရှိအုပ်ချုပ်ရေးစနစ်မှာ တရုတ်ကွန်မြူနစ်ပါတီက အစိုးရ ဖြစ်နေပါတယ်။ အဲဒီအနေအထားကြောင့်ပဲ NUG လို အဖွဲ့အစည်းဟာ တရုတ်အတွက် အကြမ်းဖက်ဆန့်ကျင်ရေးအဖွဲ့တွေလို အနိမ့်အမြင့် ဖြစ်လာနိုင်တယ်လို့ ယူဆနိုင်ပါတယ်။ အာဏာဖီဆန်မှုတွေ၊ အဖွဲ့အစည်းအလိုက် အမျိုးသားရေး ဆန့်ကျင်ရေးတွေကို တရုတ်အစိုးရက လုံးဝမကြိုက်ပါဘူး။ အဲဒီအတွက် NUG ကို တရားဝင်အဖွဲ့အစည်းအဖြစ် အသိအမှတ် မပြုလိုပါဘူး။ တဖက်က လက်တွေ့အုပ်ချုပ်နေတဲ့ စစ်ကောင်စီကိုတော့ အစိုးရဖြစ်တဲ့အနေနဲ့ သတ်မှတ်ထားတာ တွေ့ရပါတယ်။
၄။ လူမျိုးရေးနဲ့ နယ်စပ်တည်ငြိမ်ရေး
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်စပ်ဝန်းကျင်မှာ တည်ငြိမ်မှုမရှိတာကို မလိုချင်ပါဘူး။ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသမှာ တရုတ်လူမျိုးနဲ့ ဆက်နွှယ်နေကြတဲ့ ရှမ်းတိုင်းရင်းသားတွေနဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေပါတယ်။ အစိုးရအပြောင်းအလဲ တွေက တရုတ်နဲ့ နယ်စပ်ဒေသ အခြေအနေတွေကို တော်တော်လေး ထိခိုက်စေမယ်လို့ စိုးရိမ်နေကြပါတယ်။
၅။ အာဆီယံနဲ့ နိုင်ငံတကာဆက်ဆံရေး မူဝါဒ
တရုတ်က အာဆီယံ (ASEAN) နိုင်ငံတွေ၊ အထူးသဖြင့် ထိုင်း၊ လာအို၊ အင်ဒိုနီးရှားတို့နဲ့ ပူးပေါင်းဆောင်ရွက်နေရာမှာ မြန်မာနိုင်ငံထဲမှာ တည်ငြိမ်မှုမရှိရင် ထိခိုက်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ အာဆီယံနိုင်ငံတွေဟာ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့်မူဝါဒကို ထောက်ခံကြပြီး တရုတ်ဟာ အာဆီယံကို စနစ်ကျစွာ ချဥ်းကပ်နေပါတယ်။
အဲဒါတွေကြောင့်ပဲ တရုတ်ဟာ NUG ကို ထောက်ခံခြင်းထက် စစ်ကောင်စီကို ထောက်ခံနေတာဟာ သူတို့ရဲ့ ရှေ့ဆက်မယ့် မူဝါဒ သဘောထားတွေနဲ့ ပတ်သက်နေတတ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောရဲ့ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံထဲက တော်လှန်ရေးအပေါ် သဘောထားကို သုံးသပ်တင်ပြပေးချင်ပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးနဲ့ စီးပွားရေး မူဝါဒတွေနဲ့ သက်ဆိုင်ပြီး သုံးသပ်ထားတာပါ။ သုံးသပ်ချက်တွေအရ တရုတ်ရဲ့ လက်ရှိ တော်လှန်ရေးအပေါ် သဘောထားတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။
တရုတ်က အနီးဝန်းကျင်နိုင်ငံတွေနဲ့ ဆက်ဆံရာမှာ အဓိကအချက်တွေက သူတို့ရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးအကျိုးစီးပွားကို ပထမဦးစွာ အထူးလေးစားတတ်ကြောင်း၊ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ပြည်တွင်းလှုပ်ရှားမှုတွေနဲ့ အစိုးရအပြောင်းအလဲတွေဟာ သူတို့ရဲ့ စီးပွားရေး သွားလာလမ်းကြောင်းတွေအပေါ် ထိခိုက်စေမှာကို ဦးစားပေးစဉ်းစားကြောင်း သိသာစွာ ဖော်ပြတတ်ပါတယ်။ ဒီအထဲမှာ တရုတ်နဲ့ မြန်မာအကြား ရေနံပိုက်လိုင်းတွေ၊ စွမ်းအင်ပြည်ပတင်ပို့မှုတွေနဲ့ တရုတ်ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အဓိက ပါဝင်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးကို တရုတ်က ဦးစားပေးပြီး စစ်ကောင်စီကို အချိန်ပိုင်းအနေနဲ့ ထောက်ခံနေရတယ်လို့ သူက ယူဆပါတယ်။
တရုတ်ဟာ သူ့နိုင်ငံရေးစနစ်အတွက် စိုးရိမ်မှုတွေကြောင့် တော်လှန်ရေး၊ ဖီဆန်ရေး အဖွဲ့အစည်းတွေကို မကြိုက်ပါဘူး။ NUG (National Unity Government) ကို တရားဝင်အစိုးရအဖြစ် မှတ်ယူမှု မဖြစ်နိုင်ကြောင်းလည်း သူကဆိုပါတယ်။ တရုတ်အစိုးရ အနေနဲ့ မိမိတိုင်းပြည်ထဲက ပြည်သူ့ဖီဆန်မှုတွေကို ထိန်းချုပ်နိုင်ဖို့ အဓိက ဦးစားပေးလေ့ ရှိတာကြောင့် တော်လှန်ရေးနဲ့ ဖွဲ့စည်းပုံပြင်ဆင်မှုလို လှုပ်ရှားမှုတွေကို အားမပေးတာ ဖြစ်နိုင်တယ်လို့လည်း သူက မှတ်ချက်ပြုထားပါတယ်။
တရုတ်ဟာ အာဆီယံနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ ပြည်တွင်းရေးကို ဝင်စွက်ဖို့ကို မလိုလားတဲ့ မူဝါဒကို ယူဆပြီး နိုင်ငံတကာလုပ်ရပ်တွေမှာ ပေါ့ပါးတဲ့ အခန်းကဏ္ဍကိုသာ ပါဝင်လေ့ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ ဆက်ဆံပြီး အပေါ်ယံတည်ငြိမ်မှုကို ထိန်းသိမ်းဖို့သာ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
တရုတ်နိုင်ငံရဲ့ သက်ဆိုင်ရာ နယ်စပ်ဒေသတွေနဲ့ မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့တွေ၊ တိုင်းရင်းသားဒေသတွေ အပေါ်မှာလည်း တရုတ်က အထူးဂရုပြုနေကြောင်း သုံးသပ်ချက်တွေ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ တော်လှန်ရေး အောင်မြင်လာမယ်ဆိုရင် တရုတ်နယ်စပ်ဒေသတွေအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်လာနိုင်တာကို တရုတ်က ကြိုတင်စိုးရိမ်နေကြတာလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာလှကျော်ဇောက တရုတ်နိုင်ငံရဲ့ မြန်မာတော်လှန်ရေးအပေါ် သဘောထားကို အခုလိုမျိုး နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်များအရ သုံးသပ်ထားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာကိုလိုသူ မင်းအောင်လှိုင်၊ အသိမ်းစေခိုင်းခဲ့သူ ရှီကျင်းဖျင် အပြစ်ရှာခံရသူ NUG၊ အဲဒီသုံးပွင့်ဆိုင်ရာမှာ သွေးမြေကျရသူတွေက မြန်မာလူငယ်တွေနဲ့ ပြည်သူလူထုသာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ။ ။
ချစ်မင်းနွဲ့ကြည်