မန္တလေးမှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှုအတွက် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။
ကျူးလွန်သူတွေကို ဖမ်းဆီးဖို့ အာဏာပိုင်တွေက အစွမ်းကုန်ဆောင်ရွက်ပေးဖို့ပါ တိုက်တွန်းတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရပုဂ္ဂိုလ်က အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လင်ကျီအန်းက “တရုတ်နိုင်ငံအနေနဲ့ ဒီတိုက်ခိုက်မှုအတွက် အလွန်တုန်လှုပ်မိသလို ပြင်းပြင်းထန်ထန်လည်း ရှုတ်ချပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ဌာနရဲ့ သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေဟာ အရေးပေါ်တုံ့ပြန်မှုတွေ စတင်လုပ်ဆောင်နေပြီး အခြေအနေအပေါ် လျင်လျင်မြန်မြန် တုံ့ပြန်နေပါတယ်။ တရုတ်ဟာ မြန်မာဘက်ကို ဒီကိစ္စကို အလေးအနက် တင်ပြတောင်းဆိုထားပြီးတော့ တိုက်ခိုက်မှုကို ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းပါတယ်။ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ ဖမ်းဆီးပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဖို့ အစွန်းကုန်ဆောင်ရွက်ဖို့လည်း တိုက်တွန်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခွဲလောက်က ပေါက်ကွဲမှုဖြစ်ပြီး ရုံးအဆောက်အအုံ အနည်းငယ် ထိခိုက် ပျက်စီးသွားပေမဲ့ လူတွေထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။
တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုကြောင့် နှစ်ထပ်ဆောင်ရဲ့ ခေါင်မိုးရေတံလျှောက် အနီးရှိ အုတ်ကြွပ်အမိုး ၂ ပေလောက် ပျက်စီးသွားခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှလည်း သူတို့လက်ချက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။
စစ်ကောင်စီကတော့ ဒီပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို စိစစ်နေပြီး ကျူးလွန်သူကို ဖမ်းဆီးရမိနိုင်ရေး စုံစမ်းစစ်ဆေးနေကြောင်း ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ဆောက်အအုံကို တိုက်ခိုက်တဲ့လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချတဲ့အကြောင်း အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ကြေညာထားပါတယ်။