လက်ဘနွန်နိုင်ငံ ဘေရွတ် အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးတဝိုက်မှာ အောက်တိုဘာ ၂၁ ရက် အကြီးစား ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ပါတယ်။
ပေါက်ကွဲမှုကြီးဖြစ်အပြီး မိနစ် ၄၀ လောက်အကြာမှာ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နိုင်ငံ ဒူဘိုင်းမြို့ကနေလာတဲ့ ME 429 လေယာဉ် ဆင်းသက်ခဲ့ပြီး ဆင်းသက်နေချိန်မှာ အစောပိုင်း ပေါက်ကွဲမှုတွေကနေ ထွက်လာတဲ့ မီးခိုးတွေကို မြင်နေရဆဲပါ။
ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အသေအပျောက် အသေးစိတ် အချက်အလက်တွေကို ချက်ချင်း မသိရသေးပါဘူး။
လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ နေရာတွေကို အစ္စရေးက တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ အစ္စရေးက ပြောအပြီး ရာနဲ့ချီတဲ့ ဘေရွတ်မြို့ခံတွေ အောက်တိုဘာ ၂၀ ရက် နှောင်းပိုင်းမှာ သူတို့အိမ်တွေကို စွန့်ခွာ ထွက်ပြေးခဲ့ကြပါတယ်။
စိုးရိမ်ထိတ်လန့်နေတဲ့ လူအုပ်ကြီးက ဘေးကင်းတယ်လို့ ယူဆရတဲ့ ရပ်ကွက်တွေဆီ သွားဖို့ ကြိုးစားခဲ့ကြလို့ လမ်းတွေပိတ်ဆို့နေပြီး ဘေရွတ်မြို့ရဲ့ တချို့နေရာတွေမှာ ယာဉ်ကြော ပိတ်ဆို့ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
Source-Reuters