သူသာ အိမ်ဖြူတော်ကို ပြန်ရောက်ရင် တရုတ်က ရန်စရဲမှာ မဟုတ်ကြောင်း၊ သူဟာ ရူးရူးမိုက်မိုက် လုပ်ရဲမှန်း တရုတ်သမ္မတက ကောင်းကောင်းသိထားကြောင်း ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။
သူ သမ္မတပြန်ဖြစ်ရင် တရုတ်က ထိုင်ဝမ်ကို ပိတ်ဆို့တာနဲ့ တရုတ်ကို စည်းကြပ်ခွန်တွေ ချပစ်မယ်လို့ Wall Street Journal ဘုတ်အဖွဲ့နဲ့ အင်တာဗျူးမှာ ထရမ့်ပ်က ပြောပါတယ်။
"ခင်ဗျားတို့ ထိုင်ဝမ်ကို လုပ်မယ်ဆိုရင်၊ ပြောရမှာ စိတ်တော့မကောင်းဘူး၊ ခင်ဗျားတို့ကို အခွန် ၁၅၀ ရာခိုင်နှုန်း၊ ၂၀၀ ရာခိုင်နှုန်း ချပစ်မယ်လို့ ကျုပ်က ပြောမှာ" လို့ ထရမ့်ပ်က ပြောပါတယ်။
အားကောင်းပြီး မှန်းဆလို့မရတဲ့ တုံ့ပြန်မှုတွေကို ကြောက်တာကြောင့် သူသာ သမ္မတပြန်ဖြစ်ရင် အမေရိကန်ရဲ့ ပြိုင်ဘက်တွေ၊ ရန်ဘက်တွေဟာ အမေရိကန် အကျိုးစီးပွားကို ထိရဲမှာ မဟုတ်ဘူးလို့ ထရမ့်ပ်က အကြိမ်ကြိမ် ပြောထားခဲ့ပါတယ်။
အခု Wall Street Journal နဲ့အင်တာဗျူးမှာလည်း ထရမ့်ပ်က တရုတ်သမ္မတ ရှီက သူ့ကို လေးစားကြောင်း၊ သူက ရူးရူးမိုက်မိုက်လုပ်ရဲသူဆိုတာ ရှီ ကောင်းကောင်းသိကြောင်း ထပ်ပြောခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ပ်က သူနဲ့ ရှီအကြား အားကောင်းတဲ့ဆက်ဆံရေး ရှိကြောင်း၊ မိတ်ဆွေလို့တော့ မပြောချင်ကြောင်း၊ မိုက်မိုက်မဲမဲနဲ့ သူနဲ့ကျနော် မိတ်ဆွေဖြစ်ခဲ့ပါတယ်လို့ မပြောချင်ကြောင်း၊ ဒါပေမဲ့ ဆက်ဆံရးကောင်းခဲ့ကြောင်း ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ပတ်သက်လို့လည်း ယူကရိန်းကို မကျူးကျော်ဖို့ သူ သတိပေးခဲ့ကြောင်း၊ မော်စကိုမြို့လယ်ကောင်မှာတောင် ဆော်ထည့်လိုက်မှာလို့ ခြိမ်းခြောက်ဖူးတယ်လို့ ပြောသွားပါတယ်။
ရွှေ့ပြောင်းမှုနဲ့ပတ်သက်လို့လည်း ထရမ့်က တရားဝင်အမြောက်အမြား ဝင်လာတာကို လိုလားပေမဲ့ သိပ်အသေးစိတ် ရှင်းမပြချင်ကြောင်း၊ အရမ်းကောင်းပြနေရင်၊ လူတွေ တရားမဝင် ပိုဝင်လာမှာ စိုးရိမ်ကြောင်း ထရမ့်ပ်က ပြောသွားပါတယ်။
Source-Reuters