Home
မြန်မာသတင်း
ရွှေလီဘက်ဝင်မည့် မြန်မာနိုင်ငံသားများကို ဖြတ်သန်းခွင့်လက်မှတ်ရှိမှသာ ဝင်ခွင့်ပြု
DVB
·
March 6, 2024
Shwe Li Gate

မြန်မာ-တရုတ်နယ်စပ် ရွှေလီဘက်ဝင်မယ့် မြန်မာနိုင်ငံသားတွေကို မတ် ၅ ရက် မနက်ကစပြီး ဖြတ်သန်းခွင့်လက်မှတ်ရှိမှသာ ဝင်ခွင့်ပြုနေတယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“အခု တရုတ်ပြည်ကို ဝင်မယ်ဆိုရင် ကျယ်ဂေါင်မှာ ဖြတ်သန်းခွင့် QR Code လုပ်သွားမှ ပေါက်ကွမ်း (စစ်ဆေးရေးဂိတ်) ကို ဖြတ်သန်းလို့ရမှာ။ ဒီစာရွက်မပါရင် ပေါက်ကွမ်းက ပြန်လွှတ်မှာ” လို့ နယ်စပ်ဒေသခံတဦးက ပြောပါတယ်။

ကျယ်ဂေါင် နိုင်ငံခြားသား ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကိုယ်ရေးအချက်အလက်တွေ စာရင်းပေး၊ ဘာသာပြန်၊ ကျန်းမာရေးနဲ့ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိမရှိ ဆံပင်တွေကိုစစ်ပြီး ရောဂါမရှိ၊ မူးယစ်ဆေးဝါးသုံးစွဲတာ မရှိဘူးဆိုမှ QR Code ပါ ဖြတ်သန်းခွင့်စာရွက် လုပ်ရတာလို့ သူကပြောပါတယ်။

“စာအုပ်အနီတွေလည်း လုပ်ရတယ်။ ကျနော်တောင် ၂ ခါရှိပြီ၊ မရလို့ ပြန်လှည့်ခဲ့ရတယ်။ ခုနကပဲ ကျနော် အဲဒီဖြတ်သန်းခွင့် QR Code ပြန်သွားလုပ်လိုက်ရတယ်။ ကုန်ကျစရိတ်က မတူဘူး၊ အစားစားရှိတယ်။ ကျ‌နော်ကတော့ နေ့ချင်းပြန် ပြန်ထွက်မှာလို့ ပြောလိုက်တယ်။ တရုတ်ယွမ် ၆၀ ပဲ ပေးရတယ်။ တနှစ်စာသက်တမ်းတော့ ရှိတယ်လို့ ပြောတာပဲ” လို့ နယ်စပ်ပစ္စည်းသယ်ဆောင်သူ လူငယ်တဦးက ပြောပါတယ်။

နယ်စပ် ယာယီဖြတ်သန်းခွင့်လက်မှတ် ၇ ရက်ကတ်နဲ့ ဝင်လာသူတွေကတော့ ကိုယ်ရေး အချက်အလက် ဘာသာပြန်၊ ဆေးစစ်၊ ဆံပင်စစ်ခတွေအတွက် တရုတ်ယွမ် ၁၉၅ နဲ့ QR Code ပါ ဖြတ်သန်းခွင့် စာရွက်ကြေး တရုတ်ယွမ် ၁၀၀ ကုန်ကျတယ်လို့ ဆိုပါတယ်။

“စာအုပ်က ဝင်နေကျ အဟောင်းတွေဆို မလိုပြန်ဘူး။ ၇ ရက် တပတ်ကတ်ရော စာအုပ်အသစ်ရောဆို ရွှေလီထဲဝင်လို့ မရပြန်ဘူး။ ဖြတ်သန်းခွင့် QR Code လုပ်ရမှာ” လို့ မူဆယ်ဒေသခံတဦးက ပြောပါတယ်။

လက်ရှိ ကျယ်ဂေါင်မှာလုပ်ရတဲ့ ဖြတ်သန်းခွင့် QR Code ဟာ အလုပ်လုပ်ဖို့မဟုတ်ဘဲ ရွှေလီထဲ ဝင်ရောက်ခွင့်သာဖြစ်ပြီး ရွှေလီထဲရောက်ရှိတာနဲ့ ၂၄ နာရီအတွင်း ဧည့်စာရင်း QR Code လုပ်ရကာ အလုပ်လုပ်မယ်ဆိုရင် နေထိုင်ခွင့်ကတ်၊ အလုပ်သမားကတ်နဲ့ ကျန်းမာရေးကတ်တွေပါ လုပ်ရတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013