ဩစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသားဖိုင်နယ်ပွဲစဉ်မှာ ကမ္ဘာ့အဆင့်တစ် ကစားသမား ယန်းနစ်ခ် ဆင်းနားက ဂျာမနီနိုင်ငံသား အလက်ခ်ဆန်းဒါး ဇဗဲရက်ဗ်ကို ၆-၃၊ ၇-၆ (၇-၄)၊ ၆-၃ ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံဖြစ်လာပါတယ်။
ဒါကြောင့် အသက် ၂၃ နှစ်သာရှိသေးတဲ့ ဆင်းနားက ပထမဆုံး ဂရန်းဆလမ်း ၃ ဆုရ အီတလီနိုင်ငံသား ဖြစ်လာခဲ့သလို ၂၁ ပွဲဆက်တိုက် နိုင်ပွဲ ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ၁၉၇၃ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ထိပ်တန်းကစားသမား ၁၀ ယောက်စလုံးကို ဆက်တိုက် အနိုင်ယူခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်ပါ ဆင်းနားက မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်။
ဝင်ဘယ်လ်ဒန် ချန်ပီယံဟောင်း ပတ်ကက်ရှ် ကတော့ “အခုမဟုတ်သေးရင်တောင် ကျနော်တို့ တွေ့ဖူးသမျှ အကောင်းဆုံး ကစားသမားတွေထဲမှာ သူပါဝင်လာလိမ့်မယ်” ဆိုပြီး ဆင်းနားကို ချီးကျူးသွားပါတယ်။
လွန်ခဲ့တဲ့နှစ် ဇွန်လပိုင်းမှာ တင်းနစ်ဂန္ထဝင်တယောက်ဖြစ်တဲ့ ဂျိုကိုဗစ်ကို ကျော်ဖြတ်ပြီး ဆင်းနားက ကမ္ဘာ့နံပါတ်တစ်အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။
တဖက်က အသက် ၂၇ နှစ်အရွယ် ဇဗဲရက်ဗ်ဟာ ဆင်းနားကို အရှုံပေးခဲ့ရတဲ့အပြင် အိမ်တွင်းအကြမ်းဖက်မှု စွပ်စွဲချက်တွေအရ ပရိသတ်တယောက်ရဲ့ အနှောင့်အယှက် ပေးတာမျိုးနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။
၂၀၂၀ နဲ့ ၂၀၂၃ ခုနှစ်တွေမှာ ဇဗဲရက်ဗ်ရဲ့ ရည်စားဟောင်း ၂ ယောက်က အိမ်တွင်းအကြမ်းဖက်ခဲ့ကြောင်း သူ့ကိုစွပ်စွဲခဲ့ပေမဲ့လည်း အမှုကျေအေးပြီး ဖြစ်ပါတယ်။
မဲလ်ဘုန်းမြို့မှာ ယှဉ်ပြိုင်ခဲ့ကြတဲ့ အမျိုးသမီး ဖိုင်နယ်ပွဲစဉ်မှာတော့ အမေရိကန်နိုင်ငံသူ မတ်ဒီဆင် ကီးစ်ဟာ ကမ္ဘာ့အဆင့် ၁ နေရာက ၂ နှစ်ဆက်ချန်ပီယံ အရီနာ ဆာဘယ်လန်ကာကို အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပါတယ်။
ဒါဟာ အသက် ၃၀ ပြည့်တော့မယ့် ကီးစ် အတွက် ပထမဆုံး ဂရန်းဆလမ်း ဆုဖလားကြီးဖြစ်သလို အသက်အကြီးဆုံး ချန်ပီယံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။
Source : Reuters