ယီမင်အစိုးရတပ်ဖွဲ့တွေနဲ့ ပြည်တွင်းစစ်အတွင်း မကြာသေးမီနှစ်တွေက ထိန်းသိမ်းခံထားရတဲ့ စစ်သုံ့ပန်း ၁၅၃ ယောက်ကို ယီမင်နိုင်ငံက ဟူသီသူပုန်အဖွဲ့က စနေနေ့က တဖက်သတ် လွှတ်ပေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က ပြောပါတယ်။
ဟူသီလက်နက်ကိုင်တပ်ဖွဲ့နဲ့ ယီမင်အစိုးရတပ်ဖွဲ့တွေကြား ထိန်းသိမ်းရေးစခန်းတွေမှာ နှစ်ရှည်လများ သောင်တင်နေတဲ့ အကျဉ်းသားတွေလဲလှယ်ရေး သဘောတူညီချက်အရ လွတ်မြောက်လာတာလို့ ဟူသီအုပ်စုက ပြောပါတယ်။
လွတ်လာတဲ့သူ အများစုဟာ ဒဏ်ရာရ၊ နာမကျန်း ဖြစ်နေပြီး သူတို့ရဲ့ မိသားစုတွေအတွက် တယောက်တည်း ပံ့ပိုးပေးရသူတွေ ဖြစ်တယ်လို့ ဟူသီအရာရှိတယောက်က ပြောပါတယ်။
လွတ်မြောက်လာသူအများစုဟာ အထူးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်တွေ ရှိနေလို့ သူတို့ကိုလွှတ်ပေးတာဟာ တဖက်သတ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပဏာမခြေလှမ်း ဖြစ်တယ်လို့ ဟူသီအဖွဲ့ရဲ့ အကျဉ်းသားရေးရာကော်မတီ အကြီးအကဲ အဗ်ဒူလ် ကေဒါ အယ်လ် မာတာဒါက ပြောပါတယ်။
“ဒါဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်ဖြစ်ပြီး ပါဝင်ပတ်သက်သူအားလုံးက အဲဒါကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်အဖြစ် သဘောထားကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ လွတ်လာသူ အကျဉ်းသားတယောက်ဖြစ်တဲ့ ဟာဒီ အယ်လ် ဝါဟီဒီက ပြောပါတယ်။
ဟူသီအုပ်စုဟာ မြောက်ပိုင်းပြည်နယ် အများအပြားကို သိမ်းပိုက်ပြီး ဆော်ဒီ ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကို ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှာ မြို့တော်ဆာနာကနေ ဖယ်ထုတ်ခဲ့တာပါ။
အဲဒီအချိန်ကစပြီး ယီမင်ဟာ ပြည်တွင်းစစ်အတွင်း နစ်မြုပ်နေခဲ့ပါတယ်။ စစ်ပွဲကြောင့် လူပေါင်း သောင်းနဲ့ချီ သေဆုံးခဲ့ပြီး ၄ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတာပါ။
တိုင်းပြည်ကို ငတ်မွတ်ခေါင်းပါးမှုအောက်ကို တွန်းပို့ခဲ့တယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက ပြောခဲ့ပါတယ်။
Source : Reuters