ယီမင်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီသူပုန်တွေဟာ ကြာသပတေးနေ့က မြို့တော် ဆာနားရဲ့ ဧရိယာမှာ ကုလသမဂ္ဂဝန်ထမ်းတွေကို ဖမ်းဆီးထားကြောင်းနဲ့ ဖမ်းဆီးခံရသူတွေကို ချက်ချင်းပြန်လွတ်လာဖို့ ကြိုးပမ်းနေချိန်မှာ ဟူသီ-ထိန်းချုပ် နယ်မြေဧရိယာအားလုံးရှိ ကုလသမဂ္ဂရဲ့ လုပ်ငန်းလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၂၄ ရက် မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်ထဲမှာတော့ ကုလသမဂ္ဂက ဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောဘဲ ဝန်ထမ်း ဘယ်လောက် အဖမ်းခံထားရတယ် ဆိုတာလည်း အတိအကျ မဖော်ပြထားပါဘူး။
ကုလအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဖှာရန်ဟက်ခ်ကတော့ နယ်မြေ အာဏာပိုင်တွေဟာ မတူညီတဲ့နေရာ ၂ ခုမှာ အလုပ်လုပ်နေကြတဲ့ မတူညီတဲ့ ကုလသမဂ္ဂ အေဂျင်စီ ၂ ခုတို့မှ ဝန်ထမ်း စုစုပေါင်း ၇ ယောက်လောက်လို့ ယူဆကြောင်း ကုလက ပြောပါတယ်။
ဝန်ထမ်းတွေရဲ့ ဘေးကင်းမှုကို ကာကွယ်ပေးဖို့ ဟူသီတွေရဲ့နယ်မြေတွေထဲကို တရားဝင် သွားရောက် လုပ်ငန်း ဆောင်ရွက်ခြင်းတွေ အားလုံးကို ရပ်ဆိုင်းထားပါတယ်။
ကုလသမဂ္ဂဟာ ဟူသီအကြီးတန်း ကိုယ်စားလှယ်တွေနဲ့ အဆက်အသွယ် လုပ်နေပြီးတော့ သူ့ရဲ့ထိန်းသိမ်းခံထားရတဲ့ ပုဂ္ဂိုလ်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကို ချက်ခြင်း ခြွင်းချက်မရှိ ပြန်လွတ်မြောက်လာစေဖို့ ကြိုးပမ်း တောင်းဆိုနေပါတယ်။ ဟူသီ အရာရှိတွေကို မှတ်ချက်ပေးဖို့ ချက်ချင်း ဆက်သွယ်လို့ မရပါဘူး။
အီရန်နဲ့မဟာမိတ် ဟူသီအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကုလသမဂ္ဂ ဝန်ထမ်း ၁၁ ဦးကို ဖမ်းဆီး ခဲ့ပါသေးတယ်။
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကလည်း ဟူသီတွေဟာ မြို့တော်ဆာနားရှိ အမေရိကန်သံရုံးရဲ့ ယီမင် ဝန်ထမ်း ၂၀ လောက်ကိုလည်း ဖမ်းဆီးခဲ့ပါသေးတယ်။ သံရုံးဟာ ၂၀၁၄ ခုနှစ်မှာ လုပ်ငန်း လည်ပတ်မှုကို ရပ်ဆိုင်းခဲ့ပါတယ်။
Source : Reuters