ယီမင်ကို အစ္စရေးက ဒီဇင်ဘာ ၁၉ ရက် အစောပိုင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၉ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ အယ်လ်-မာစီရာ ရုပ်သံက ဖော်ပြပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ယီမင်မြို့တော် ဆာနာနဲ့ အနောက်ပိုင်း ဟိုဒေးဒါပြည်နယ်ရှိ ပင်လယ်နီဆိပ်ကမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း တီဗီချန်နယ်က ဖော်ပြခဲ့ပါတယ်။
အစီရင်ခံချက်အရ မြို့တော် ဆာနာရဲ့ မြောက်ဘက်နဲ့ တောင်ဘက်ရှိ အဓိကဓာတ်အားပေးစက်ရုံ ၂ ရုံ၊ ဟိုဒေးဒါရဲ့ အဓိကဆိပ်ကမ်းနဲ့ ရေနံစက်ရုံတို့ ထိမှန်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂါရီက ဒီတိုက်ခိုက်မှုဟာ ယီမင်ရဲ့ အနောက်ဘက်ကမ်းရိုးတန်းနဲ့ ကုန်းတွင်းပိုင်းရှိ စစ်စခန်းတွေကို ထိမှန်ခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယီမင်ကို ညလုံးပေါက် တိုက်ခိုက်မှုတွေမှာ အစ္စရေးလေတပ်က လေယာဉ် ဒါဇင်ပေါင်းများစွာ ပါဝင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ဟူသီ အကြီးတန်းအရာရှိ မိုဟမ်မဒ် အယ်လ်-ဟူသီက ယီမင်ရဲ့ အရပ်ဘက် အခြေခံအဆောက်အအုံတွေပေါ်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသကို ဟူသီတွေက ဆက်လက်ထောက်ခံနေမှုကို ရပ်တန့်မှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟူသီတွေဟာ အစ္စရေးကို ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ဆက်လက်ပစ်လွှတ်နေမှာဖြစ်ပြီး ပင်လယ်နီ၊ အေဒင်ပင်လယ်ကွေ့နဲ့ အာရေဗျပင်လယ်ထဲမှာ အစ္စရေး၊ အမေရိကန်နဲ့ ယူကေ တို့ရဲ့ ကုန်သည်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်သွားမှာဖြစ်ကြောင်းလည်း ထပ်လောင်း ကြေညာခဲ့ပါတယ်။
Source : Reuters