ယီမင်ရှိ ဟူသီစစ်သွေးကြွတွေဟာ အစ္စရေးအလယ်ပိုင်းရှိ ဂျက်ဖာမြို့က စစ်ရေးပစ်မှတ်တခုကို ဒီဇင်ဘာ ၁၆ ရက်က ပဲ့ထိန်းဒုံးကျည်တစင်း ပစ်လွှတ်ခဲ့ကြောင်း ဟူသီ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယျာဆာရီးက ရုပ်မြင်သံကြားမှာ ပြောကြားလိုက်ပြီး အဲဒီစစ်ဆင်ရေးဟာ သူတို့ရဲ့ ရည်မှန်းချက်တွေကို အောင်မြင် ပြီးမြောက်ခဲ့ကြောင်းလည်း ဆိုပါတယ်။
ဒုံးကျည်တပ်ဖွဲ့ဟာ သိမ်းပိုက်ထားတဲ့ တဲလ်အဗစ်ရဲ့ ဂျက်ဖာမြို့ရှိ အစ္စရေးရန်သူရဲ့ စစ်ရေးပစ်မှတ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ဒီစစ်ဆင်ရေးမှာ အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစား ပါလက်စတိုင်း ၂ ကို အသုံးပြုခဲ့တာလို့လည်း ဆိုပါတယ်။
ယီမင် ဟူသီ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေပြီး သိမ်းပိုက်ထားတဲ့ နယ်မြေတွေရှိ အစ္စရေးရန်သူ ပိုင်ဆိုင်တဲ့ ပစ်မှတ်အားလုံးကို ဆက်လက် တိုက်ခိုက်နေကြောင်းနဲ့ ဂါဇာကမ်းမြောင်ဒေသကို ရန်စမှုတွေ ရပ်တန့်ပြီး ပိတ်ဆို့ထားမှုကို ရုတ်သိမ်းမပြီးမချင်း ဒီစစ်ဆင်ရေးတွေကို ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ယာယျာဆာရီးက ဆိုပါတယ်။
ယီမင်နိုင်ငံမှ ဒုံးကျည်တစင်း ပစ်လွှတ်ခံရပြီးနောက် အစ္စရေးအလယ်ပိုင်းမှာ ဒီဇင်ဘာ ၁၆ ရက်က အချက်ပေး ဥသြသံတွေ ထွက်ပေါ်လာခဲ့ပြီး အစ္စရေးနိုင်ငံကို မကူးလာခင်မှာ ပစ်ချခံခဲ့ရတယ်လို့ အစ္စရေးစစ်တပ်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။
ယီမင်ရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့ဟာ ဂါဇာရှိ ပါလက်စတိုင်းတွေနဲ့ တစည်းတလုံးတည်း ရပ်တည်နေကြောင်း ပြသတဲ့လုပ်ရပ်အဖြစ် အစ္စရေးဘက်ကို ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို အကြိမ်ကြိမ် ပစ်ခတ်နေခဲ့တာ ဖြစ်ပါတယ်။
Source : Reuters