အစ္စရေးနိုင်ငံက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ လူဦးရေ ၂ ဆတိုးဖို့ စီစဉ်နေပါတယ်။
ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက “ဂိုလန်ကို အားဖြည့်တာဟာ အစ္စရေးနိုင်ငံကို အားဖြည့်တာပါပဲ။ အထူးသဖြင့် အခုအချိန်မှာ အရေးကြီးပါတယ်။ ကျနော်တို့ ဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီး ဖွံ့ဖြိုးအောင်လုပ်ဆောင်ပြီး နေထိုင်သွားမှာပါ” လို့ ထုတ်ပြန်ချက်တခုမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးက စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဒီကုန်းမြင့်ဒေသအများစုကို ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမှာ ဆီးရီးယားဆီကနေ သိမ်းယူခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ အစ္စရေးနယ်နိမိတ်အဖြစ် ထည့်သွင်းခဲ့ပါတယ်။
၂၀၁၉ မှာ အမေရိကန်သမ္မတ ပထမသက်တမ်း ထမ်းဆောင်နေတဲ့ ဒေါ်နယ်ထရမ့်ပ်က ဂိုလန်ကုန်းမြင့်အပေါ် အစ္စရေး အချုပ်အခြာအာဏာပိုင်တာကို ထောက်ခံတယ်လို့ ကြေညာခဲ့ပေမဲ့ နိုင်ငံအများစုကတော့ လက်မခံခဲ့ကြပါဘူး။
နေတန်ယာဟုက ဆီးရီးယားနဲ့ ပဋိပက္ခ မဖြစ်ချင်ပေမဲ့ ဆီးရီးယားက ရောက်လာနိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့၊ အကြမ်းဖက်အင်အားစုတွေ အစ္စရေးနယ်စပ်နားမှာ သိမ်းပိုက်မှာကို ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
နေတန်ယာဟုရဲ့ ရုံးက အစိုးရအနေနဲ့ ဂိုလန်မှာ လူဦးရေ တိုးတက်လာအောင် အားပေးဖို့ ရှက်ကယ် သန်း ၄၀ (အမေရိကန်ဒေါ်လာ ၁၁ သန်း) ကျော်တန်ဖိုးရှိတဲ့ အစီအစဉ်ကို တညီတညွတ်တည်း အတည်ပြုခဲ့ပါတယ်။
ဆော်ဒီအာရေဗျ၊ ကာတာနဲ့ ယူအေအီးတို့က အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ကြပြီး ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေး ပုံမှန်ဖြစ်အောင် လုပ်ခဲ့တဲ့ ယူအေအီးက ဒါဟာ “သိမ်းပိုက်မှုကို တမင်တကာ ချဲ့ထွင်ဖို့ ကြိုးပမ်းမှု” လို့ ဝေဖန်ပါတယ်။
ဆီးရီးယားရဲ့ လက်ရှိခေါင်းဆောင်လို့ သတ်မှတ်ခံထားရတဲ့ HTS အဖွဲ့ခေါင်းဆောင် အာမက် အယ်လ်-ရှာရာက အစ္စရေးဟာ ဆီးရီးယားအပေါ် တိုက်ခိုက်ဖို့ လွဲမှားတဲ့ အကြောင်းပြချက်တွေ သုံးနေတယ်လို့ ဝေဖန်ခဲ့ပေမဲ့ သူ့နိုင်ငံ ပြန်လည်တည်ဆောက်ရေးကို အာရုံစိုက်နေချိန်မှာ ပဋိပက္ခအသစ်တွေထဲ ပါဝင်ပတ်သက်လိုခြင်း မရှိဘူးလို့ ပြောထားပါတယ်။
Source : Reuters