ယီမင်နိုင်ငံထဲက ဟူသီတွေရဲ့ ပိုင်နက်အတွင်း အမေရိကန်နဲ့ ဗြိတိန်တပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ဟန့်တားပြီး အောင်အောင်မြင်မြင် ချေမှုန်းနိုင်ခဲ့တယ်လို့ ဟူသီသူပုန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီးက ဒီဇင်ဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်က အမေရိကန်နဲ့ ဗြိတိန်တပ်တွေက ယီမင်ကို စပြီး အပြင်းအထန် တိုက်ခိုက်လို့ ပင်လယ်နီထဲက USS ဟယ်ရီအဲ့စ်ထရူးမန်း လေယာဉ်တင်သင်္ဘောနဲ့အတူ အမေရိကန် ဖျက်သင်္ဘော အတော်များများကို ပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်ခဲ့တယ်လို့ ဆာရီးက ရုပ်မြင်သံကြား ကြေညာချက်ထဲမှာ ပြောပါတယ်။
“ဒီစစ်ဆင်ရေးမှာ ခရုဇ်ဒုံးကျည် ၈ စင်းနဲ့ ဒရုန်း ၁၇ စင်း သုံးခဲ့ပြီး အလ္လာအရှင်မြတ်ရဲ့ ကျေးဇူးတော်ကြောင့် စစ်ဆင်ရေးမှာ ဖျက်သင်္ဘောတွေက ယီမင်ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားဖို့ ကြိုးစားနေချိန်မှာပဲ F-18 လေယာဉ်ကို ပစ်ချလိုက်တာပါ” လို့ ယာယာဆာရီးက ပြောပါတယ်။
ယီမင်နိုင်ငံ မြို့တော် ဆာနာက အီရန်ကျောထောက်နောက်ခံပြု ဟူသီတွေ စီမံကွပ်ကဲတဲ့ ဒုံးကျည်သိုလှောင်ရုံနဲ့ ကွပ်ကဲမှုထိန်းချုပ်ရေး အဆောက်အအုံကို လေကြောင်းကနေ အတိအကျ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က စနေနေ့မှာ ပြောပါတယ်။
ပင်လယ်နီတောင်ပိုင်း ဘာ့ဘ်အယ်လ်မန်းဒက်ဘ်နဲ့ အေဒင်ပင်လယ်ကွေ့မှာရှိတဲ့ အမေရိကန် ရေတပ်က စစ်သင်္ဘောတွေနဲ့ ကုန်သည်သင်္ဘောတွေကို တိုက်ခိုက်နေတဲ့ ဟူသီစစ်ဆင်ရေးတွေကို အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်တိုက်ခိုက်ခဲ့တာလို့ အမေရိကန်စစ်တပ် ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source : Reuters