စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ပအိုဝ်းပြည်သူတွေရှိရာနေရာကို လက်နက်ကြီးတွေနဲ့ နေ့ရက်တိုင်းပစ်ခတ်နေပြီး ဇန်နဝါရီ ၂၄ ရက်နေ့က ပစ်ခတ်တဲ့ လက်နက်ကြီးတလုံးက မကွဲတဲ့အတွက် PNLA က သွားရောက်တူးဖော်ရာမှာ ကျည်ပေါ်မှာ အဆိပ် ဆိုတဲ့ စာသားပါတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
PNLA ပြန်ကြားရေး တာဝန်ရှိသူက “သူတို့ အဆိပ်သုံးလာတာကတော့ အလုံးပေါင်းများစွာ ရှိပါပြီ။ ကျနော်တို့ရဲဘော်တွေ အဲအဆိပ်တွေကို ရှူမိလို့ အပြင်းအထန် ဖျားနာတာတွေ၊ အရေပြားယားယံတာ စတဲ့ လက္ခဏာတွေခံစားရတဲ့ ရဲဘော်တွေလည်းရှိပါတယ်။ ပအိုဝ်းလူမျိုးတွေကို အဆိပ်နဲ့သတ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတခုလည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက အင်အား ၇၀၀ ကျော်နဲ့ ထိုးစစ်ဆင်နေတဲ့အတွက် ဆီဆိုင်မြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး တိုက်လေယာဉ်နဲ့လည်း ဗုံးကြဲတာတွေ ပြုလုပ်နေတယ် လို့ ဆိုပါတယ်။
CDM တပ်ကြပ်ကြီးတယောက်က “အဆိပ်ပါတဲ့ဗုံးသီး။ မီးလောင်ဗုံးလိုပဲ အစ လည်းထွက်တယ်။ အငွေ့က လူသေစေတယ်။ မိုးဗြဲမှာတကြိမ်သုံးတာ အဆိပ်ငွေ့ဗုံးသီး။ ဒီလောက်မဆိုးဘူး။ ဒီကောင်က ဖျက်အားပြင်းထဲပါတယ်” လို့ ပြောပါတယ်။

ပအိုဝ်းကျေးရွာတွေထဲကို လေကြောင်းကနေ ဇန်နဝါရီ ၂၂ ရက်နေ့က ၄ ကြိမ်၊ ၂၃ ရက်နေ့က ၂ ကြိမ်၊ ၂၄ ရက်နေ့က ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ ၄၀၀၀ ကျော်ဟာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က အဆိပ်ပါတဲ့ လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ မီးလောင်ဗုံးတွေ၊ တိုက်လေယာဉ်တွေနဲ့ နေ့တိုင်းတိုက်ခိုက်နေတာကြောင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုတွေများပြားပြီး ထီစုံကျေးရွာက နေအိမ် ၆၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ ဆီဆိုင်အရှေ့ဘက်ခြမ်း ပင်စုံကျေးရွာနဲ့ ဖြီကျွတ်ကျေးရွာက ထိတွေ့တိုက်ပွဲအတွင်း PNO ပြည်သူ့စစ် အယောက် ၁၃၀ ကျော်အထိ သေဆုံးခဲ့ရပြီး အခုလက်ရှိစစ်ကြောင်းထိုးတာတွေမှာလည်း ကျေးရွာတွေထဲကနေ ပေါ်တာဆွဲထားတဲ့ ရွာသားတွေကို အသုံးပြုထားတာတွေရှိတယ်လို့ PNLA ဆီက သိရပါတယ်