
ဇန်နဝါရီ ၁၇ ရက်နေ့မှာ စစ်ကောင်စီနဲ့ PNO တွေက စစ်ကြောင်း ၄ ကြောင်း အင်အား ၅၀၀ ကျော်နဲ့ ပင်ငိုကျေးရွာ၊ နောင်ကျောကျေးရွာနဲ့ ဖြီကျွတ်ရွာအနီးအနားကို စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ပင်ငိုကျေးရွာနဲ့ နောင်ကျောကျေးရွာအနီးက ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီနဲ့ PNO တို့ အယောက် ၃၀ ကျော်သေဆုံးပြီး ဖြီကျွတ်ရွာအနီးက တောင် ၂ လုံးကြားမှာလည်း တိုက်ပွဲဖြစ်လို့ အယောက် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
PNLA ရဲ့ ပြန်ကြားရေးတာဝန်ခံက “PNO ပြည်သူ့စစ်ဆိုရင် ရွာသားတွေကို ရက်တိုသင်တန်းပေးပြီး စုစည်းထားတဲ့ အနေအထားဖြစ်တဲ့အတွက် အကျအဆုံးတွေ များတာဖြစ်ပါတယ်။ စစ်ကောင်စီက ကွပ်ကဲတဲ့အပိုင်း၊ ဆက်သွယ်တဲ့အပိုင်း အဲဒါတွေပဲယူပြီးတော့မှ အဓိက အင်အား ၈၀ ရာခိုင်နှုန်းလောက်ကို ပြည်သူ့စစ်ကိုအသုံးပြုပြီး ထိုးစစ်ဆင်တာဖြစ်တဲ့အတွက် သူတို့က အသေအဆုံးများနေတာပါ” လို့ ပြောပါတယ်။
ရက်တိုသင်တန်းတက်ထားရတဲ့ ရွာသားတွေကို အတင်းအကျပ်ခိုင်းစေပြီး ရှေ့တန်းတက်ခိုင်းသလို ခိုင်းတဲ့အတိုင်းမလုပ်ရင် ရွာသားတွေကိုပစ်သတ်တာတွေလည်း ရှိတယ်လို့ ပြောပါတယ်။
ထိတွေ့တိုက်ပွဲတွေမှာ PNO ပြည်သူ့စစ်အင်အားက စစ်ကောင်စီအင်အားထက် ပိုများပြီး သေဆုံးသူတွေကလည်း PNO တွေ ပိုများတယ်လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ PNO တွေက မူးယစ်ဆေးဝါးသုံးစစ်တိုက်နေပြီး ခုလက်ရှိမှာတော့ ဖြီကျွတ်ကျေးရွာထဲမှာ တပ်စွဲအင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
အထိနာနေတဲ့ စစ်ကောင်စီက ဇန်နဝါရီ ၁၈ ရက် ဒီနေ့မှာ ဂျက်ဖိုက်တာနဲ့ လွယ်ချယ်ကျေးရွာကို ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေကြောင့် ပအိုဝ်း ပြည်သူထောင်နဲ့ချီ တောတောင်ထဲထွက်ပြေးတိမ်းရှောင်နေရတယ်လို့ PNLA က ဆိုပါတယ်။
PNLA က ပအိုဝ်းလူမျိုးအချင်းချင်းကို တိုက်ခိုက်တာမျိုးမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကိုပဲ တိုက်ဖျက်နေတာဖြစ်လို့ PNO ခေါင်းဆောင်တွေအနေနဲ့ ဆင်ခြင်သုံးသပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။