
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ထဲက ထီစုံကျေးရွာအနီးမှာ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့အကြား တိုက်ပွဲ ဖြစ်ပြီး PNLA ရဲ့ ရဲဘော် ၅ ယောက်ကို PNO က ဇန်နဝါရီလ ၁၃ ရက်မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၁၂ ရက်က စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် ပစ်ခတ်မှုဖြစ်ခဲ့တာမှာ စစ်ကောင်စီတပ်က စစ်ကြောင်းမှူးအပါအဝင် အယောက် ၂၀ သေဆုံးခဲ့ပြီး PNLA ဘက်က ၁ ယောက် ကျဆုံးခဲ့ကာ ၅ ယောက်က ဖမ်းဆီးခံလိုက်ရတယ်လို့ PNLA တာဝန်ရှိသူက ပြောပါတယ်။
PNLA ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ်တယ်၊ နှိပ်စက်တယ်ဆိုတာက စစ်ရဲ့စည်းမျဥ်းစည်းကမ်း ဥပဒေနဲ့လည်း မကိုက်ညီဘူး၊ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့လည်း မကိုက်ညီဘူး လုပ်လို့မရဘူး။ စစ်အာဏာရှင် စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း ကျနော်တို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ကော PNO ကော ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေ အများကြီးရှိပါတယ်။ သို့သော် ကျနော်တို့က စစ်သုံ့ပန်းဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ထိန်းသိမ်းထားပါတယ်။ မသတ်ဖြတ်ဘူးပေါ့နော်” လို့ ပြောပါတယ်။
PNO ပြည်သူ့စစ်က စစ်ကောင်စီတပ်အလိုကျ ပအိုဝ်း လူမျိုးအချင်းချင်းကို ဖမ်းဆီးပြီး နှိပ်စက် သတ်ဖြတ်တာတွေဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေကို အားပေးရာရောက်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေဟာ လူမျိုးအချင်းချင်း တိုက်ခိုက်နေတဲ့ စစ်ပွဲတွေမဟုတ်ဘဲ စစ်အာဏာရှင်စနစ်ကို တိုက်ဖြတ်နေတဲ့ တိုက်ပွဲဖြစ်တာကြောင့် စစ်ကောင်စီအလိုကျ လူမျိုးအချင်းချင်း သတ်ဖြတ်မှုတွေ မပြုလုပ်ဖို့ PNO က အကြီးအကဲတွေကို ပြောလိုတယ်လို့ PNLA က ပြောပါတယ်။
စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်တွေက ဒီဇင်ဘာ ၃၁ ရက်ကစပြီး PNLA ရဲ့ ထိန်းချုပ်နယ်မြေတွေထဲကို စစ်ကြောင်းထိုးတာတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတာဖြစ်ပါတယ်။