
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ထီစုံကျေးရွာထဲကို စစ်ကောင်စီတပ်က မီးလောင်ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် ၂ လုံး ပျက်စီးပြီး ကားတစီးလည်း မီးလောင်သွားခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
မနေ့မနက် ၉ နာရီက လွယ်ထွဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပအိုဝ်းကျေးရွာဖြစ်တဲ့ ထီစုံရွာထဲကို မီးလောင်ဗုံး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်နဲ့ ကားပျက်စီးရတာဖြစ်ပါတယ်။
PNLAရဲ့ ပြန်ကြားရေးတာဝန်ခံက "သူတို့က နေ့တိုင်းကို ကျေးရွာတွေထဲ ဗုံးကြဲတယ်။ တမင်သက်သက် ပအိုဝ်းကျေးရွာတွေကို စစ်ကောင်စီက ဖျက်ဆီးနေတဲ့ လုပ်ရပ်ဖြစ်တယ်ပေါ့နော်။ စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်ပါတယ်။ ပြီးတော့ အဲ့ဒီနေရာက ကျွန်တော်တို့တပ်ဖွဲ့တွေ တပ်စွဲထားတဲ့နေရာလည်း မဟုတ်ပါဘူး"လို့ ပြောပါတယ်။
မီးလောင်ဗုံးတွေ၊ ဒရုန်းတွေနဲ့ ထီစုံကျေးရွာထဲကို နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ ရွာက အိမ်ခြေ ၂၄ အိမ်က ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတွေလည်း စစ်ဘေးရှောင်နေရကာ မနေ့က နေအိမ်မီးလောင်မှုကို သတင်းရတဲ့နောက် PNLA တပ်ဖွဲ့က သွားရောက် မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
PNLA နဲ့ စစ်ကောင်စီတပ်တို့ကြား နိုဝင်ဘာ ၂၀ ရက်ကစပြီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်က PNLA ထိန်းချုပ်နယ်မြေတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေရတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မှာ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာက ပြောင်းခြံတခုထဲကို ဒရုန်းနဲ့ ဗုံးကြဲလို့ ပြောင်းချိုးနေတဲ့ အမျိုးသမီးနဲ့ ၂ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရပြီး အမျိုးသားဖြစ်သူလည်း ဒဏ်ရာရခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်မှာလည်း PNLA ရဲ့ ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူတွေကို ဆေးကုသမှုပေးနေတဲ့ ဆေးခန်းတခု ပျက်စီးခဲ့ရပါတယ်။