မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ မော်လမြိုင်-မုဒုံကားလမ်းဘေးရှိ မင်းသန့်စက်သုံး ဆီအရောင်းဆိုင်မှာ နိုဝင်ဘာ ၇ ရက် ညနေက မီးလောင်ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ကယ်ဆယ်ရေးသမားတွေ အပါအဝင် လူ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
ရိုးဂိုးကျေးရွာ မော်လမြိုင်-မုဒုံကားလမ်းဘေးရှိ မင်းသန့်စက်သုံးဆီအရောင်းဆိုင်မှာ မနေ့ နိုဝင်ဘာ ၇ ရက် ညနေ ၅ နာရီလောက်က ဆီလှောင်ကန် ပေါက်ကွဲရာမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ သွားရောက်ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က ပြောပါတယ်။
“ဆိုင်အနောက်ဘက်က ဆီလှောင်ကန်မှာ ဆီချနေတုန်း မီးထလောင်လို့ သွားပြီ းကယ်ဆယ်ရေးလုပ်နေတုန်း ဆီကားကထပ်ပြီး ပေါက်ကွဲခဲ့လို့ မီးသတ်သမားတွေရော၊ ကယ်ဆယ်ရေးသမားတွေပါ ထိခိုက်ဒဏ်ရာရကုန်တာပါ။”
ဆီဆိုင်မီးလောင်မှုကြောင့် ဆိုင်ရှင်ပါအဝင် ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို မီးသတ်တပ်ဖွဲ့ဝင် ၈ ယောက်နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ယောက်တို့လည်း မီးလောင်ဒဏ်ရာတွေရရှိခဲ့တာကြောင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရကြောင်း သိရပါတယ်။
မင်းသန့်ဆီဆိုင်မီးလောင်မှုကို မော်လမြိုင်မြို့နယ်အတွင်းက မီးသတ်၊ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့နဲ့ မုဒုံမြို့နယ်အတွင်းရှိ မီးသတ်၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့တာကြောင့် ၂ နာရီကျော်အကြာ ည ၇ နာရီကျော်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေထံက သိရပါတယ်။
ဆီဆိုင်မီးလောင်မှုနဲ့ပတ်သက်ပြီး ပြည်နယ်မီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်တစ်စုံတစ်ရာမတွေ့ရှိရသလို ဆုံးရှုံးမှုတန်ဘိုးကိုလည်း DVBအနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဖေဖော်ဝါလ ၁၃ရက်နေ့က မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အောက်လမ်းမကြီး၊ သံလွင်ဈေးအရှေ့ရှိ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး တဦးဒဏ်ရာရရှိခဲ့သလို နေအိမ် ၂ လုံး၊ ဈေးဆိုင်ခန်း ၁ ခန်းအပြင် မော်တော်ယာဉ်တစ်ချို့နဲ့မော်တော်ဆိုင်ကယ်တွေ မီးလောင်ဆုံးရှုံးခဲ့သေးကြောင်း ဒေသခံတွေဆီက သိရပါတယ်။