Home
မြန်မာသတင်း
တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် မန္တလေးတွင် လုံခြုံရေး တင်းကျပ်စစ်ဆေး
DVB
·
October 24, 2024

မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပေါက်ကွဲမှုဖြစ်ပြီးနောက် မြို့ပေါ်က ဘုန်းကြီးကျောင်း၊ တည်းခိုခန်း၊ မိုတယ်နဲ့ အငှားအိမ်ခန်းတွေကို စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေတယ်လို့ မတ္တရာ PDF တာဝန်ရှိသူက ပြောပါတယ်။ 

အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်မှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာ ပေါက်ကွဲမှုတစ်ခုဖြ စ်ပွားခဲ့တာပါ။ ပေါက်ကွဲမှုကြောင့် ကောင်စစ်ဝန်ရုံး နှစ်ထပ်ဆောင်ခေါင်မိုး အနည်းငယ်ပျက်စီးခဲ့ပြီး PDF တွေက ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်တာလို့ စစ်ကောင်စီက ကြေညာချက်ထုတ်ပြန် စွပ်စွဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ ကောင်စစ်ဝန်ရုံးတည်ရှိတဲ့ ၇၃ လမ်း၊ ၁၀၂ လမ်းနဲ့ ၁၀၃ လမ်းကြားတခုလုံးကို စစ်ကောင်စီက ပိတ်ဆို့ပြီး လုံခြုံရေးတိုးမြှင့်ချထားခဲ့ပါတယ်။ 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒီလုပ်ရပ်ကို တော်လှန်ရေးအင်အားစုတွေဘက်က ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒေသတွင်း PDF တွေကလည်း သူတို့ တိုက်ခိုက်တာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီရက်ပိုင်းတွေမှာ PDF တွေက မန္တလေးမြို့ပေါ်မှာ မြို့ပြစစ်ဆင်ရေးတချို့ ဆောင်ရွက်ခဲ့တဲ့အတွက် ဒီအခြေအနေကို စစ်ကောင်စီက အသုံးချပြီး PDF တွေအပေါ် အပြစ်ပုံချခဲ့တာလို့ မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက ပြောပါတယ်။

“တရုတ်ကောင်စစ်ဝန်ရုံးကို စကစဘက်ကနေပြီးတော့ လက်ပစ်ဗုံးနဲ့ ပစ်ခတ်သွားတာရှိတယ်။ စကစက သူ လုပ်တဲ့အလုပ်ကို PDF တွေ လုပ်ပါတယ်ဆိုပြီးတော့ လွှဲချဖို့ ကြိုးစားတာရှိတယ်။ ဒီရက်ပိုင်းဖြစ်တာတော့ အဲဒီဟာတော့ နည်းနည်းလေး မန္တလေးမြို့ပေါ်မှာ ထူးခြားချက်ရှိတယ်။ မြို့ပြစစ်ဆင်ရေးဖြစ်ပွားတဲ့ နေရာတွေကို အခြေပြုပြီးတော့ စကစ က အဲဒီနားပတ်ချာလည်တွေကို ပိုက်စိပ်တိုက်ပြီးတော့ မိုတယ်တို့၊ အင်းတို့၊ တည်းခိုခန်းတို့ ဘုန်းကြီးကျောင်းတို့ နောက် အိမ်ငှားတို့ အဲဒီလိုဟာတွေကို ရှောင်တခင်စစ်ဆေးရေးဝင်ပြီးတော့ ဖမ်းဆီးစစ်ဆေးမေးမြန်းတာတွေရှိတယ်”လို့ ပြောပါတယ်။

သီတင်းကျွတ်ကာလမှာ စကစ က ကျုံးပတ်ချာလည်ကိုပိတ်ကာ လုံခြုံရေး အစောင့်ထားခဲ့ပြီး အမရပူရမြို့နယ်အစပ် မြစ်ငယ်မြို့နယ် အစပ်ကြားမှာရှိတဲ့ ရွာတွေမှာတော့ စကစက ခန့်မှန်းအင်အား ၁၀ ယောက်၊ ၁၅ ယောက်နဲ့ ကင်းလှည့်နေတယ်လို့လည်းသိရပါတယ်။

မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ ပြင်ဦးလွင်မြို့နယ်တွေမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြင်းခြံခရိုင်ဘက်အထိ တိုက်ပွဲဧရိယာကျယ်ပြန့်လာတယ်လို့ ဒေသခံ PDF ခေါင်းဆောင်တွေက ပြောပါတယ်။ 

မန္တလေးတိုင်း၊ ခရိုင် ၁၁ ခုထဲက မြို့နယ် ၂၈ ခုစလုံးမှာ နယ်မြေအေးချမ်းမှုမရှိတော့ဘဲ အချိန်မရွေး ထိတွေ့တိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေကြောင့် ဒေသခံပြည်သူတွေအကြားမှာ စိုးရိမ်စိတ်တွေ မြင့်တက်နေတာပါ။ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေကိုပါ ထင်သလို အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ 

မြင်းခြံခရိုင်တပ်ရင်း (၇) ဗိုလ်ဇီးရိုးက “သူတို့ကလည်း အစွမ်းကုန်ယုတ်မာလာပြီ။ အဲဒီတော့ ကျနော်တို့ကလည်း အစွမ်းကုန်ကြိုးစားရတော့မှာ။ ပြည်သူတွေ ရဲဝံ့စေချင်တယ်ဗျာ။ ကျနော်တို့က ပြည်သူတွေကို မျက်နှာမူပြီးပဲ အလုပ်လုပ်မှာ တော်လှန်ရေးအဖွဲ့တွေက။ အဲဒီတော့ ပြည်သူဘာပဲဖြစ်ဖြစ် ကျနော်တို့နဲ့ ပူးပေါင်းပါလို့ပဲ ပြောချင်ပါတယ်။ ကျနော်တို့က ရှင်းပါတယ်၊ အာဏာရှင်ဖြစ်နေတဲ့ကောင်တွေဗျာ၊ ဒီကောင်တွေကို လူရော မူရော မကြိုက်လို့ သာမန် ကိုယ့်အလုပ်ကိုယ်လုပ်နေတဲ့ အရပ်သားတွေကမှ လက်နက်ကိုင်ပြီး တော်လှန်ရေးအဖွဲ့ ဖြစ်လာတာဗျာ။ အဲဒီတော့ သူတို့ဘာသာ ဘာလုပ်နေနေ သူတို့ပြုတ်အောင် တိုက်ရဖို့က ကျနော်တို့အလုပ်ပဲ။ သူတို့ကလည်း သူတို့ လုပ်စရာရှိတဲ့ အလုပ်လုပ်မှာပဲ။ ကျနော်တို့ကလည်း ဘယ်လိုတိုက်ရမလဲ ဘယ်လိုအနိုင်ယူရမလဲ ဆိုတဲ့ပုံစံမျိုးနဲ့ စဉ်းစားပြီးတော့ ဆော်မှာပဲ။ ဒီလိုပဲ ကျနော်တို့က ဆုံးဖြတ်ထားပါတယ်”လို့ ပြောပါတယ်။

မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရတာအတွက် တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ကျူးလွန်သူတွေကို ဖမ်းဆီးရေးအတွက် အာဏာပိုင်တွေက အစွမ်းကုန် ဆောင်ရွက်ဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက အောက်တိုဘာ ၂၁ ရက်နေ့မှာ တိုက်တွန်းထားပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တည်ရှိတဲ့နေရာမှာ စစ်ကောင်စီက အရင်ကတည်းက လုံခြုံရေးတိုးမြှင့်ချထားသလို မြို့တွင်း နေရာတော်တော်များများမှာလည်း လုံခြုံရေးအဖွဲ့တွေ ရှိနေတာကြောင့် PDF တွေက ကောင်စစ်ဝန်ချုပ်ရုံးကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ လွယ်ကူတဲ့အခြေအနေမျိုး မဟုတ်ဘူးလို့ မြို့ခံတချို့က သုံးသပ်ထားပါတယ်။ 

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024