တူရကီ အာကာသစက်မှုလုပ်ငန်း (TUSAS) ရုံးချုပ်ကို အောက်တိုဘာ ၂၃ ရက်က တိုက်ခိုက်မှုကြောင့် လူ ၄ ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရတယ်လို့ တူရကီအစိုးရက ပြောပါတယ်။
မြို့တော် အန်ကာရာနားက ရုံးချုပ်နေရာမှာ ပေါက်ကွဲသံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်မှုလို့ နာမည်ပေးထားတဲ့ ဒီဖြစ်ရပ်မှာ တိုက်ခိုက်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အလီ ယာလစ်ကာယာက ပြောပါတယ်။
အစောပိုင်းမှာ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သူတွေက TUSAS အဆောက်အဦအထဲကို လက်နက်ကိုင် ဖောက်ပြန်သူတွေ ဝင်ရောက်လာပုံကို ပြသခဲ့ပါတယ်။ ဒါဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ တူရကီသမ္မတ တေယစ် အာဒိုဂန်က ရုရှားနိုင်ငံ ခါဇန်မြို့မှာ ကျင်းပတဲ့ BRICS ညီလာခံမှာ ပြောဆိုခဲ့ပါတယ်။
ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ ပစ်ခတ်မှုဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ကျူးလွန်သူတို့ ဘာဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီဖြစ်ရပ်အတွက် ဘယ်အဖွဲ့ကမှလည်း တာဝန်မယူသေးပါဘူး။
အစိုးရရှေ့နေတွေက စတင်စုံစမ်းစစ်ဆေးနေပြီလို့ နိုင်ငံပိုင် အနာဒိုလူ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ခဲ့တာနဲ့ အဆောက်အအုံအတွင်းမှာ ဓားစာခံတွေ ရှိနေတာကို အာဏာပိုင်တွေက အတည်ပြု ပြောကြားတာ မရှိပေမဲ့ မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
Source-Reuters