Home
မြန်မာသတင်း
ရန်ကုန်တွင် ကလေး၊ လူကြီးမရွေး ဖမ်းဆီးပြီး ကလေးများကို ငွေဖြင့်ပြန်ရွေးခိုင်း
DVB
·
January 25, 2025

ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး ကလေး၊ လူကြီးမရွေးဖမ်းဆီးပြီးနောက် ကလေးတွေကိုတော့ ငွေနဲ့ပြန်ရွေးခိုင်းနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အသက်မပြည့်သေးတဲ့ အလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူတွေကိုပါ ဖမ်းဆီးပြီး မိဘတွေဆီက ငွေညှစ်တာတွေပြောင်ပြောင်တင်းတင်းပြုလုပ်နေသလို အသက် ၁၈ နှစ်ပြည့်ပြီးသူတွေကိုတော့ စစ်မှုထမ်းဖို့အတွက် စုဆောင်းရေးတပ်တွေဆီပို့နေတယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်မှာနေသူတယောက်က “မိုးချုပ်ရင် ကလေးတွေလည်း အပြင်မထွက်ခိုင်းရဲတော့ဘူး။ သူတို့ကင်းလှည့်တဲ့ကားနဲ့တွေ့ရင် ကလေးတွေကအစဖမ်းတာ။ အုပ်ချုပ်ရေးမှူးရုံးဖြစ်ဖြစ်၊ ရဲစခန်းဖြစ်ဖြစ်ခေါ်သွားပြီး မိဘတွေဆီဖုန်းဆက်ခိုင်းတာ။ အုပ်ကြီးတွေကတဆင့် ငွေတောင်းတာရှိသလို ရဲစခန်းကနေတိုက်ရိုက်တောင်းတာလည်းရှိတယ်။ အုပ်ကြီးတွေက တောင်းတယ်ဆိုရင် ဟိုက ၃ သိန်းတောင်းရင် အုပ်ကြီးတွေက ၅ သိန်းနဲ့ လာရွေးပါဆိုပြီး လုပ်နေကြတာ” ပြောပါတယ်။

ရန်ကုန်မြို့မှာ ဒီလို ကလေးလူကြီးမရွေး ဖမ်းဆီးခံနေရတာကြောင့် အသက်မပြည့်သေးတဲ့ ကလေးတွေအပါအဝင် လူငယ်လူရွယ်တွေ အများအပြားပျောက်ဆုံးနေပြီး တချို့လူငယ်တွေကို ပြန်လည်ရှာတွေ့ပေမယ့် တချို့လူငယ်တွေကိုတော့ ဒီနေ့ဒီအချိန်အထိပြန်ရှာမတွေ့ကြဘူးလို့ သိရပါတယ်။

ကလေးငယ်တွေအပါအဝင် အသက်မပြည့်သေးသူတွေပါဖမ်းဆီးပြီး ငွေကြေးတောင်းခံနေတာဟာ ပြန်ပေးဆွဲတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ ရန်ကုန်မြို့ခံတွေက ဝေဖန်နေကြပါတယ်။

မြောက်ဥက္ကလာ၊ ကြံခင်းစုရပ်ကွက်မှာနေသူတယောက် “စစ်တပ်က တရားဝင်ပြန်ပေးဆွဲခွင့် ရထားသလိုဖြစ်နေတာ။ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်လေးတွေပါဖမ်းပြီး ငွေတောင်းနေတာကတော့ တော်တော်တရားလွန်တယ်။ အုပ်ကြီးတွေက အလိုတူအလိုပါ လုပ်ပေးနေကြတာ။ မှောင်ပြီဆိုရင် ကလေးတွေက ကိုယ့်ရပ်ကွက်ထဲတောင် မသွားရဲမလာရဲကြတော့ဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့အထင်ကရနေရာတွေမှာထက် ဆင်ခြေဖုံးရပ်ကွက်တွေမှာ အဓိကဖမ်းဆီးနေတာဖြစ်ပြီး အိမ်ခြေရာမဲ့တွေကိုပါ ဖမ်းဆီးပြီး စစ်သားစုဆောင်းရေးကို ပို့နေတယ်လို့ သိရပါတယ်။

Rangoon Scout Network ရဲ့ ဇန်နဝါရီ ၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိမှတ်တမ်းတွေအရ စစ်မှုထမ်းဖို့လိုက်လံဖမ်းဆီးခံရသူ၊ ပေါ်တာဆွဲခံရသူနဲ့ မြို့ပြတော်လှန်ရေးအဖွဲ့ဝင် ၁၉၀ ကျော် ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013