Home
မြန်မာသတင်း
ရန်ကုန်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ဆီစာအုပ်ပိုရနေ
DVB
·
January 24, 2025

ရန်ကုန်၊ မြောက်ဒဂုံမြို့နယ်နဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဟာ ခွဲတမ်းနဲ့ ဝယ်ယူနေရတဲ့ စားအုန်းဆီထုတ် စာအုပ်တွေကို ပိုမိုရရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာတော့ စားအုန်းဆီရောင်းခွင့်ရဆိုင်တွေမှာ ဆီစာအုပ်တအုပ်အတွက် ၅၀ ကျပ်သားကို သတ်မှတ်ရက်တွေမှာ တပတ်ကို တကြိမ်သာ ရောင်းချပေးတာဖြစ်ပြီး ဆီစာအုပ်ရှိ သတ်မှတ်‌ပေးထားတဲ့ရက်မှာပါ ဝယ်ယူလို့ ရနေတာပါ။

‌ဆီစာအုပ်လုပ်ပေးနေတဲ့ ရပ်ကွက်ရုံးအဖွဲ့တွေမှာတော့ တနင်္လာ၊ သောကြာထုတ် စာအုပ်တွေကို တအုပ်ထက်ပို ‌ကိုင်ဆောင်ပြီး ဝယ်ယူခွင့်ရှိနေကြသလို ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ ‌ဘုရားတွေ အမည်ပေါက်နဲ့ပါ စာအုပ်လုပ်ပြီး ဆီဝယ်ယူခွင့်ရနေကြပါတယ်။

မြောက်ဥက္ကလာမြို့ခံတယောက်က “ဒီရပ်ကွက်မှာက တပတ် ၅၀ သားပဲ ရတယ် စာအုပ်တအုပ်ကို။ သန်းခေါင်စာရင်းတခုကို ဆီစာအုပ်တအုပ် လုပ်ပေးတယ်။ တအုပ် ၂,၀၀၀။ တပတ်လုံးမှ ၅၀ သားဆိုတော့ မလောက်ဘူး။ ဒီဘက်မှာက တနင်္လာနဲ့ သောကြာပေးတာ။ တနင်္လာနေ့ထုတ်တဲ့သူတွေက သောကြာနေ့မှာ သွားထုတ်လို့ မရဘူး။ သူတို့ကတော့ တပတ် ၂ ရက်ဆို ၂ ရက်စလုံးရတယ်။ ဘုရားတွေနာမည်နဲ့ပါ ဆီစာအုပ်လုပ်ထားကြတာ” လို့ ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်၊ ကြိုးတံတားဈေးနဲ့ မန္တလေးဈေးက ဆီလက်ကားဖြန့်ချိရေးကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ရဲ့ မိသားစုဝင်တွေက လုပ်ပိုင်ခွင့်ရထားသလို ပိုလျှံစားသုံးဆီတွေကို ပြင်ပမှောင်ခိုဈေးနဲ့ ရောင်းချနေတယ်လို့ ၄၉ ရပ်ကွက်နေသူတယောက်က ပြောပါတယ်။

“ကြိုးတံတားဈေးနဲ့ မန္တလေးဈေးက ဆိုင် ၂ ဆိုင်လုံးက သူတို့တွေပဲ။ စာအုပ်ပါရင် ၅၀ သားကို စနေနေ့ ထုတ်ရင်ထုတ်၊ မထုတ်ရင် နောက်တပတ် စနေနေ့မှ ပေးတာ။ မနက် ၈ နာရီကနေ နေ့ခင်း ၂ နာရီအတွင်းပဲ။ တပတ်စာပဲ။ အချိန်ကျော်ရင်လည်း ပေးမထုတ်ဘူး။ အပြင်‌ဈေးက တပိဿာ ၁၄,၀၀၀။”

စားသုံးသူရေးရာဦးစီးဌာနနဲ့ ဆီကော်မတီတို့က ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း သတ်မှတ်ထားတဲ့ စားအုန်းဆီဈေးမှာတော့ ရည်ညွှန်းဈေး တပိဿာ ၇,၂၅၅ ကျပ်ဖြစ်တယ်လို့ တွေ့ရပြီး မသမာမှုတွေ လုပ်ဆောင်ပါက အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024