မန္တလေးတိုင်း၊ မိုးကုတ်မြို့က တအာင်းပလောင်လူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေမှာ ဇန်နဝါရီလ တတိယပတ်ကစတင်ပြီး TNLA က စစ်သားစုဆောင်းနေတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။
မိုးကုတ်မြို့ ပိန်းပြစ်ကျေးရွာ၊ ဘော်လုံးကြီးကျေးရွာနဲ့ တအာင်းပလောင်လူမျိုးတွေ နေထိုင်တဲ့ရွာတွေကနေ တအိမ်တယောက် မဖြစ်မနေ စစ်သားစုဆောင်းနေတာလို့ အမည်မဖော်လိုတဲ့ ကျေးရွာဒေသခံတယောက်က ပြောပါတယ်။
“သားသမီးရှိရင် သားသမီးတယောက်က မဖြစ်မနေသွားရမယ်။ ကလေးတွေမရှိဘဲ အဝေးရောက်နေရင် မိဘတွေက အသက်ဘယ်လောက်ဖြစ်ဖြစ်လိုက်ရမယ်။ ပြီးမှလာလဲခိုင်းတယ်။ တချို့အိမ်တွေဆိုရင် နှစ်ယောက်ကအဝေးမှာ၊ ကလေးတွေနဲ့တယောက်ပဲကျန်လည်း အဲဒီတယောက်ကို ခေါ်တယ်” လို့ ပြောပါတယ်။
TNLA က စစ်သားစုဆောင်းမှာကိုစိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်းရှိကြပြီး အခုလို အတင်းအဓမ္မစစ်သားစုဆောင်းတာက မိအိုဖအိုရှိတဲ့ မိသားစုအတွက် အခက်အခဲ ဖြစ်စေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလောင်လူငယ်တယောက်က “အိမ်ထောင်စုခွဲထားပြီး မိဘကိုလုပ်ကျွေးနေရင်လည်းမရဘူး။ သူတို့က အတင်းတောင်းတယ်။ ခုတိုက်ပွဲဖြစ်ထားပြီး စီးပွားရှာစားလို့တောင်မလွယ်ဘူး။ သူတို့က ရှင်းပြလို့လည်းမရဘူး” လို့ ပြောပါတယ်။
စစ်သားစုဆောင်းတာနဲ့ပတ်သက်ပြီး TNLA ကို ဆက်သွယ်မေးမြန်းရာမှာ တအိမ်တယောက် တာဝန်ထမ်းရမှာဖြစ်ပြီး စစ်မှုမထမ်းဘဲရှောင်တိမ်းရင် အရေးယူတာတွေရှိိမယ်လို့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
စစ်သားစုဆောင်းမခံချင်းလို့ အိုးအိမ်ပစ်ပြီးမိသားစုလိုက်ရှောင်တိမ်းသွားတဲ့ အိမ်တွေကို TNLA က ချိပ်ပိတ်တယ်လို့ ဒေသခံတွေကပြောပြီး အဲဒါဟာ သူခိုးရန်က ကာကွယ်ဖို့ ထိန်းသိမ်းပေးတာလို့ လွေးယေဦးက ပြောပါတယ်။
ဒါ့အပြင် မြေပြင်က TNLA တာဝန်ရှိသူတွေ အနေနဲ့လည်း ပြည်သူကို ရိုင်းရိုင်းပျပျ ဆက်ဆံတာ၊ ပြစ်မှူကျူးလွန်တာရှိရင်လည်း တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့က တအာင်းပလောင်လူမျိုးတွေနေထိုင်တဲ့ရွာတွေမှာ မြို့သိမ်းတိုက်ပွဲအပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လနောက်ပိုင်းမှာ ကျောက်ကြမ်းရွာ၊ သစ်စိမ့်ကုန်းရွာ၊ ဆင်ခွာရွာ၊ ဘော်လုံးလေးရွာ၊ ပန်းမရွာနဲ့ ဘော်လုံးကြီးရွာတို့ကနေ TNLA က ပထမအကြိမ် စစ်သားစုဆောင်းခဲ့ဖူးပြီး အခုက ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။