Home
မြန်မာသတင်း
TNLA တပ်မဟာများ တိုးချဲ့ ၊ ခရိုင်များ ပြင်ဆင်ဖွဲ့စည်း 
DVB
·
January 13, 2025
Photo: TNLA

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ TNLAက  တပ်မဟာ ၉ ခု အထိ ဖွဲ့စည်းပုံတိုးချဲ့လိုက်သလို မြို့နယ် ၁၈ မြို့နယ်ပါဝင်တဲ့ ခရိုင် ၅ ခုကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။

ဇန်ဝါရီ ၃ ရက်ကနေ ၇ ရက် အထိပြုလုပ်တဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး နှစ်ပတ်လည်အစည်းအဝေးမှာ အခုလို ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပြီး တအောင်းပြည်လုံခြုံရေးနဲ့ ကာကွယ်ရေးတို့အတွက် တပ်မဟာ ၉ ခုအထိ ဖွဲ့စည်းလိုက်တာလို့ TNLA ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။

“ကျမတို့ ၂၀၂၄ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး ပြန်လည်ဖော်ဆောင်ပြီးတဲ့နောက်မှာ မြို့နယ် ၁၂ မြို့နယ် သိမ်းပိုက်နိုင်ခဲ့တယ်။ ဆိုတော့က ကျမတို့က ဒီမြို့တွေကို လုံခြုံရေးတွေ ဆောင်ရွက်နိုင်ဖို့၊ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်မြေပြင်အခြေအနေတွေအရ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို စီမံဆောင်ရွက်နိုင်ဖို့  တပ်မဟာ ၇ ခုကနေ ၉ ခုအထိဖွဲ့စည်းလိုက်ရတာ။”

TNLA မှာ တပ်မဟာ ၇ ခု၊ တပ်ရင်း ၃၅ ရင်းရှိပြီး အခုအခါမှာ တပ်မဟာ ၂ ခု ထပ်မံတိုးချဲ့ လိုက်တာကြောင့် တပ်မဟာ ၉ ခုနဲ့ တပ်ရင်း ၄၅ ရင်းရှိလာသလို မိုးကုတ်ခရိုင်၊ နမ့်ဆန်ခရိုင်၊ ကွတ်ခိုင်ခရိုင်၊ နမ့်ခမ်းခရိုင်၊ ကျောက်မဲခရိုင်တို့ကိုလည်း ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာ နယ်မြေဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ် ဆောင်ရွက်သွားမှာဖြစ်ပြီး ဒေသခံပြည်သူတွေ ပါဝင်တဲ့ လူထုအစိုးရပေါ်ပေါက်လာစေဖို့လည်း ဆောင်ရွက်မယ်လို့ TNLA က အသိပေးထားပါတယ်။

လွေးယေဦးက “လူထုအစိုးရကတော့ လက်ရှိမှာ သိမ်းထားတဲ့မြို့တွေမှာ ကျမတို့ PSLF/TNLA အနေနဲ့ အုပ်ချုပ်ရေးယန္တရားတွေမှာ ပါဝင်နေတာဖြစ်တယ်။ ၂၀၂၅ ခုနှစ်မှာတော့ အရပ်သားပြည်သူတွေနဲ့ ပူးပေါင်းပြီး လူထုအစိုးရတရပ် ပေါ်ပေါက်လာဖို့ ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်တယ်” လို့ ပြောပါတယ်။

TNLA အနေနဲ့ ဒေသခံပြည်သူတွေ လုံခြုံစေဖို့အတွက် အဓိကဦးစားပေး ဆောင်ရွက်နေတာ ဖြစ်ပေမဲ့ စစ်ကောင်စီကတော့ TNLA သိမ်းပိုက်ထားတဲ့မြို့တွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013