စစ်ကောင်စီရဲ့ သမိုင်းတွင်တဲ့ကျဆုံးမှုတွေ ဆက်တိုက်ကြုံတွေ့နေရချိန်မှာ တော်လှန်ရေးအဖွဲ့အစည်း အင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးတင် အောင်ပွဲယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှစ်ပတ်လည် အစည်းအဝေးကနေ ထုတ်ပြန်လိုက်ပါတယ်။
ဖိအားအမျိုးမျိုးကြားကနေ ရုန်းကန်နိုးထကြရတဲ့ တော်လှန်ရေးအင်အားစုအသီးသီးတို့ဟာ နိုင်ငံတဝန်းက နယ်မြေဒေသအသီးသီးမှာ ဘုံရန်သူကိုထိုးစစ်ဆင်တော်လှန်နေကြတာကြောင့် မြန်မာစစ်ကောင်စီဟာ သမိုင်းတွင်တဲ့ ကျဆုံးမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေ အားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင် တော်လှန်ရေး အောင်ပွဲရယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ အစည်းအဝေးကြီးက ရှုမြင်သုံးသပ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။
PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးကို တအာင်းပြည်က ယာယီဌာနချုပ်မှာ ဇန်နဝါရီ ၃ ရက်ကနေ ၇ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာစစ်အာဏာရှင်စနစ်ဆိုးကို ချေမှုန်းတိုက်ခိုက်နေတဲ့ တော်လှန်ရေး အခြေအနေတွေ ဆွေးနွေးသုံးသပ်တာ၊ အဖွဲ့အစည်းရဲ့ တနှစ်တာလုပ်ငန်းတွေ ပြန်လည်သုံးသပ်တာနဲ့ ပြင်ဆင်အားဖြည့်တာတွေ လုပ်ခဲ့ပါတယ်။
တအာင်းတပ်မတော်ကို တပ်မဟာ ၉ ခုအဖြစ် တိုးချဲ့ပြင်ဆင်တာနဲ့အတူ တအာင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့စေဖို့ မြို့ ၁၈ မြို့ပါတဲ့ ခရိုင် ၅ ခုကို ပြင်ဆင်စုဖွဲ့ဖို့လည်း အဲဒီအစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးက ၁၀၂၇ စစ်ဆင်ရေးမှာ ထိန်းသိမ်းရရှိထားတဲ့ မြို့ ၁၂ မြို့ အပါအဝင် တအာင်းတပ်မတော်အခြေစိုက်ထားတဲ့နယ်မြေဒေသတွေကို လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ တာဝန်ခံမှုရှိရှိ ဦးဆောင်စီမံ အုပ်ချုပ်သွားမှာဖြစ်ပြီး ဒေသခံမိဘပြည်သူတွေပါဝင်နိုင်မဲ့ လူထုအစိုးရ အမြန်ဆုံး ပေါ်ပေါက်လာဖို့လည်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးကနေ မန်တုံ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါ၊ မိုးမိတ်၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့နယ်တို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။