မြန်မာပြည်တဝန်းက တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီလက်တွဲပူးပေါင်းပြီး မြန်မာစစ်ကောင်စီကို အပြီးတိုင်ချေမှုန်းတော်လှန်သွားမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (TNLA) က ထုတ်ပြန်ပါတယ်။
၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ သူတို့ရဲ့ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်တာဖြစ်ပြီး တအာင်းဒေသခံပြည်သူလူထုရဲ့ တော်လှန်ရေး အောင်သီးအောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ စစ်ကောင်စီကို ချေမှုန်းမယ်လို့ ဆိုတာပါ။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးအနေနဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ဦးဆောင်ရေးဆွဲထားတဲ့ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုအခြေခံပြီး ‘တော်လှန်ရေးကာလ အစိုးရအစီအမံ’ကို အတည်ပြုပြီးနောက် ပြည်သူ့အစိုးရတရပ် အမြန်ဆုံးပေါ်ပေါက်လာဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းပြည်အနှံ့အပြားက မိဘပြည်သူအားလုံးရဲ့စုပေါင်းတော်လှန်မှုကြောင့် ဘုံရန်သူစစ်အုပ်စုဟာ တိုက်ပွဲတွေမှာ အကြီးအကျယ်အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေကြရပြီး ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အုံ၊ ဈေး၊ လူနေအိမ် စတာတွေကို လေယာဉ်ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ မီးရှို့ဖျက်ဆီးတာ၊ သတ်ဖြတ်တာတို့ကို ဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
စစ်ကောင်စီရဲ့ သမိုင်းတွင်တဲ့ကျဆုံးမှုတွေဆက်တိုက်ကြုံတွေ့နေရချိန်မှာ တော်လှန်ရေး အဖွဲ့အစည်း အင်အားစုတွေအားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကိုအမြင့်ဆုံးတင် အောင်ပွဲယူဖို့ အချိန်အခါကောင်းဖြစ်တယ်လို့လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးရဲ့ နှစ်ပတ်လည် အစည်းအဝေးကနေ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးမှာ မြို့ပေါင်း ၁၂ မြို့ကိုသိမ်းပိုက်ပြီးနောက် နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးဖို့အသင့်ရှိတယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။