မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဓားပြတိုက်တာ၊ ခိုးယူတာတွေများလာပြီး လူသေဆုံးတာလည်း ရှိတာကြောင့် မြို့ပေါ်နေထိုင်နေတဲ့ ဒေသခံတွေ လုံခြုံရေး စိုးရိမ်နေကြပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ ကမ္ဘာအေးရပ်ကွက်မှာ ဇန်နဝါရီ ၁၈ ရက် ဒီနေ့မနက်က နေအိမ်တလုံး ဓားပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေကပြောပြီး ဇန်နဝါရီ ၁ ရက်က နေ ၁၈ ရက်အတွင်း ဓားပြမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
ခိုးမှုတွေလည်း နေ့တိုင်းနီးပါးဖြစ်နေပြီး မီးဖိုချောင်အတွင်းကပစ္စည်းတွေပါ ခိုးယူခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ရေဦးကြီးရပ်ကွက်မှာ ဇန်နဝါရီ ၁၁ ရက်က ဓားပြတိုက် ပစ်ခတ်တာကြောင့် အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး ဇန်နဝါရီ ၁၄ ရက်နေ့မှာ ညောင်ပင်ကြီးရပ်ကွက်ထဲ သေနတ်အတိုကိုင်ဆောင်ထားသူက နေအိမ်တလုံးကို ဓားပြတိုက်တာကြောင့် ငွေသား သိန်း ၇၀၀ ကျော်နဲ့ ရွှေထည်တွေပါသွားတယ်လို့ အနောက်ပိုင်းမှာ နေထိုင်သူတယောက်က ပြောပါတယ်။
“ဓားပြမှုတွေက ဆက်တိုက်ကြားနေရတယ်။ ဓားပြတိုက်သူတွေမှာလည်း သေနတ်တွေပါတယ်။ ခုက အားလုံးစိုးရိမ်နေကြတယ်။ မြို့ထဲမှာ လူမနေတဲ့အိမ်တွေလည်း ဖောက်ခံရတာရှိတယ်။ ဓားပြတိုက်တာအပြင်ကို အိုးခွက်ပန်းကန်တွေပါ ခိုးခံနေရတယ်”
မိုးကုတ်မြို့တွင်း ဓားပြမှု၊ ခိုးမှုတွေကို အရေးယူတာနဲ့ပတ်သက်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
၂၀၂၄ ဒီဇင်ဘာ ၁၉ ရက်ကလည်း မိုးကုတ်မြို့ ၇ မိုင်ရွာက နေအိမ်တလုံး ဓားပြတိုက်ခိုက်ခံရပြီး လက်ဝတ်ရတနာတချို့ ပါသွားတယ်လို့ သိရပါတယ်။