မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ဂေါက်ကွင်းအနီး ကျောက်လုပ်ကွက်နေရာတွေကို ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းမှာ စစ်ကောင်စီတပ်က Y-12လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားပြီး အပျက်အစီးနဲ့ သေဆုံးထိခိုက်မှုတွေမသိရသေးဘူးလို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က မိုးကုတ်အရှေ့ပိုင်း ဂေါက်ကွင်း ကျောက်လုပ်ကွက်နဲ့ မစိုးရိမ်ကျောင်းကို Y 12 လေယာဉ် နဲ့ ဗုံး ၃၅ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အရှေ့ပိုင်းက မြို့ခံတယောက်က “ဗုံးကြဲတာ ဆက်တိုက်ပဲ၊ အလုံး ၃၀ ကျော်တယ်။ အသံကြားတာနဲ့ ပုန်းနေရတာ၊ အထိအခိုက်တော့ မကြားရသေးဘူး” လို့ ပြောပါတယ်။
ဗုံးကြဲခံရတဲ့အခြေအနေနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်လာမယ့်အခြေအနေတွေကြောင့် အပျက်အစီးထိခိုက်မှုတွေတော့မသိရသေးဘူးလို့ မိုးကုတ်မြို့ခံက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာကြောင့် အဝေးရောက်နေသူတွေက ကျန်ရှိနေတဲ့ မိသားစုဝင်တွေကို စိုးရိမ်ပူပန်နေကြပါတယ်။
“ကိုယ်က အဝေးမှာ ဘာမှမလုပ်ပေးနိုင်ဘူး၊ အိမ်ကိုပဲ စိတ်ပူတယ်။ အခုတော့ အပျက်အစီးပဲ ကြည့်ရတော့မယ်။ ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းပြီး မျှော်နေရမှာပဲ။”
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက် ညပိုင်းကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ဒေသခံ ၉ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရကာ အိမ်ခြေ ၂၀ ကျော် ပျက်စီးခဲ့ပါတယ်။
TNLA သတင်းအရင်းမြစ်တယောက်က “လေကြောင်းအန္တရာယ်အခုလို ဖြစ်မှာစိုးလို့ ကျနော်တို့က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေကို ကန့်သတ်ထားရတာပါ။ မိုးကုတ်မြို့ခံတွေ ခက်ခဲမယ်ဆိုတာသိပေမဲ့ အခုလိုမျိုးဖြစ်လာရင် ပေးလိုက်ရတာ အသက်တွေပါ။ ဒါကြောင့် နားလည်ပေးစေလိုပါတယ်”လို့ ပြောပါတယ်။
မိုးကုတ်မြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ ဇူလိုင်လမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အင်တာနက်နဲ့ဖုန်းလိုင်းတွေကို TNLA က ကန့်သတ်ခဲ့တဲ့အပေါ် မိုးကုတ်မြို့ခံတွေက ဝေဖန်ခဲ့ကြပါတယ်။
ဒီလိုကန့်သတ်မှုတွေရှိတဲ့ကြားက လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်လာတဲ့အတွက် ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းပြန်လည်ဖွင့်လှစ်ပေးဖို့ မလွယ်သေးဘူးလို့ TNLA သတင်းရင်းမြစ်က ပြောပါတယ်။