ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးက ရခိုင်ရိုးမနဲ့ နီးတဲ့ ကမ်းရိုးတန်းဒေသတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေလို့ ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေသောင်ယံမြို့အနီး ချောင်းဝဂျိုင်၊ ပေါက်လှဂျိုင်၊ မကျီးဇင်စတဲ့ ကမ်းရိုးတန်းကရွာတွေကို စစ်ကောင်စီတပ်က ခုရက်ပိုင်း လေကြောင်းနဲ့ ဆက်တိုက် ဗုံးကြဲနေတာဖြစ်ပါတယ်။
ဒေသခံတယောက်က ''အရင်ရက်ကတွေက လေယာဉ်တွေဝဲတာလောက်ပဲရှိတာ။ အခုက ဗုံးတွေနဲ့ ကြဲချနေတာ။ ၄ ရက်နေ့က ၁ ကြိမ်၊ မနေ့ ၆ ရက်နေ့က ၂ ကြိမ်နဲ့ ဒီနေ့ ၇ ရက်နေ့ မနက်စောစောပိုင်က ၁ ကြိမ်ဗုံးကြဲချသွားတာ။ လူတွေပဲအလွတ်ရုန်းရတာပေါ့။ ရွှေသောင်ယံမြို့ပေါ် ပြေးကုန်ပြီ။ ပျက်စီးတာတွေရှိတယ်၊ အသေးစိတ်မသိသေးဘူး''လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှု သတင်းတွေ မရရှိပေမဲ့ ဒေသခံအများစုဟာ အလုပ်အကိုင်နဲ့ နေအိမ်တွေကိုပြစ်ပြီး ရွှေသောင်ယံမြို့ပေါ်နဲ့ ဘေးလွတ်ရာတွေဆီ တိမ်းရှောင်နေကြရပါတယ်။
စစ်တပ်နဲ့ နီးစပ်သူက ''စကစဘက်က ဧရာဝတီတိုင်းနဲ့ ရခိုင်အစပ်မှာ လေကြောင်းနဲ့တိုက်ခိုက်နေတာ မှန်တယ်။ ချောင်းဝဂျိုင်နဲ့ မကျီးဇင်ဘက်မှာ AA နဲ့ မဟာမိတ်တပ်တွေ ရှိတယ်ဆိုပြီးလုပ်နေတာ။ ဒီဘက်မှာ ဇန်နဝါရီလ ၄ ရက်လွတ်လပ်ရေးနေ့ ကတည်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ''လို့ ပြောပါတယ်။
လက်ရှိ စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA)တွေနဲ့ မဟာမိတ်တပ်တွေကို ခုခံကာကွယ်ဖို့အတွက် ရွှေသောင်ယံမြို့အပိုင် ချောင်း၀ချိုင်တောင်ကုန်းမှာ နေရာယူထား ပါတယ်။ အာရက္ခတပ်တော် (AA) နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကည်း ဇန်နဝါရီ ၇ ရက် ဒီနေ့ ရွှေသောင်ယံမြို့ ၊ ပေါက်လှချိုင်ကျေးရွာအနီးကို ရောက်ရှိနေပါတယ်။