ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်၊ ရွှေသောင်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ရွှေသောင်ကျေးရွာဘုန်းကြီးကျောင်းပေါ်ကို ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်က ဗိုလ်မှူးစိုးသူရဲ့ အစ်ကိုဖြစ်တဲ့ ကျောင်းထိုင်ဘုန်းကြီး ဗုံးစထိမှန် ပျံလွန်တော်မူသွားပါတယ်။
ဇန်နဝါရီ ၆ ရက် နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ အဆိုပါကျေးရွာနေ ဒေသခံ အမျိုးသားတယောက်က DVB ကို ပြောပါတယ်။
“ကျောင်းထိုင်ဆရာတော် သီးသန့်တရားအားထုတ်တဲ့ကျောင်းပေါ် တည်တည့်ကျတာ။ အဲဒါ ဆရာတော်ကြီးထိပြီး ပျံလွန်တော်မူသွားတယ်။ သူ့ ညီအရင်းက ဗိုလ်မှူးစိုးသူ၊ သစ်ချဆိပ်ရွာသား။ ပြီးတော့ ဘုန်းကြီးကျောင်းလမ်းထိပ်ကို ဆက်ကြဲတာ။ ရွာသားတွေ အမြန်ရှောင်လို့ အရမ်းကြီးကြီးမားမား မဖြစ်သွားတာ။ အမျိုးသမီးတယောက်တော့ ထိသွားတယ်။”
စစ်ရှောင်ပြည်သူတွေနေထိုင်တဲ့ နေရာတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ရှောင်အမျိုးသမီးတယောက်က ပြောပါတယ်။
“သစ်ချဆိပ်ကျေးရွာ အနောက်ဘက်ဘေး မဲနှဲဘုရားဝင်းထဲမှာမှာ စစ်ရှောင်တွေ နေတာ။ အဲဒီနေရာကို ဒရုန်းနဲ့ ဗုံးလာကြဲတာ။ တော်သေးတယ်ဗုံးက မကွဲလို့၊ ကွဲရင်အကုန်သေကုန်မှာ၊ တမင်စစ်ရှောင်တွေရှိတဲ့နေရာကို လာကြဲတာ။”
ရေတာရှည်မြို့နယ် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇန်နန်ဝါရီ ၁ ရက်က စတင်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က ကျဆုံးသူတွေရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ရဲဘော် ၁၀ ယောက် ကျဆုံးသွားပါတယ်။
ဇန်နဝါရီ ၄ ရက်ကလည်း ရေတာရှည်မြို့နယ် ကဲလင်းဆိပ်၊ ပိန်းနှဲပင်၊ ရေလွှဲစတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲ၊ နေအိမ်တွေကို မီးရှို့လို့ ပြည်သူပိုင်နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။