Home
မြန်မာသတင်း
မိုးကုတ်မြို့ဂေါက်ကလပ်အတွင်း ပြင်ပလုပ်ငန်းရှင်များကျောက်တူးသည်ကို‌ ဒေသခံများလက်မခံ
DVB
·
January 11, 2025

TNLA သိမ်းပိုက်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပတ္တမြားမြေဂေါက်ကလပ်ထဲမှာ ပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေက စက်ကြီးတွေနဲ့ကျောက်မျက်တူးဖော်နေတာကို လက်မခံနိုင်ဘူး လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းမှာရှိတဲ့ ဂေါက်ကလပ်ထဲမှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကစလို့ ကျောက်မျက်တူးဖော်နေတာဖြစ်ပြီး ရပ်တန့်ပေးဖို့တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “သူတို့က ဂေါက်ကွင်းမှာ ကျောက်မတူးဘူးပြောတယ်။ တူးနေတာကြာပြီ။ နေ့ရောညပါတူးနေကြတာ။ မိုးကုတ်မှာ တခါမှမမြင်ဖူးတဲ့ ၁၂ ဘီးကားတွေနဲ့ကိုတူးနေကြတာ၊ ဒီဘက်ရပ်ကွက်ကလူတွေ နေ့တိုင်းကြားနေရတယ်။ သေချာမမြင်ရဘူး ပိတ်ထားတာ အနားတောင်ကပ်မခံဘူး၊ လက်နက်ကြီးကိုင်ပြီးစောင့်နေတယ်။ ဘယ်သူမှ ပေးမဝင်ဘူး” လို့ ပြောပါတယ်။

ပတ္တမြားမြေဂေါက်ကလပ်အဝင်ဝမှာ TNLA တပ်က ဂိတ်ဖွင့်ထားပြီး ဒေသခံတွေကို အဝင်အထွက် ပိတ်ပင်ထားသလို ဂေါက်ကလပ်အနီးက နေအိမ် ၃ အိမ်မှာ နေထိုင်သူတွေကိုလည်း ရွှေ့ပြောင်းခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပတ္တမြားမြေဂေါက်ကလပ်မှာ ကျောက်မျက်တူး‌ဖော်ခွင့်ရဖို့ စစ်ကောင်စီတပ်လက်ထက်မှာ ကြိုးစားခဲ့ကြပေမယ့် မြို့မိမြို့ဖနဲ့ ဒေသခံတွေလက်မခံတာကြောင့် တူးဖော်ခွင့် မရခဲ့ဘူးလို့သိရပါတယ်၊

ပတ္တမြားမြေဂေါက်ကလပ်အတွင်း ကျောက်မျက်တူးဖော်ထားတာနဲ့ပတ်သက်ပြီး ဒေသခံ နောက်တယောက်က “တားလည်းမရဘူးလေ။ သူတို့ဦးဆောင်လုပ်နေတာ။ ဂေါက်ကွင်းမှာ စုတ်ပြတ်နေတာပဲ။ တွင်းသမားတွေကတော့ မိုးကုတ်က‌ဒေသခံတွေ လခစားအနေနဲ့ လုပ်နေကြတယ်” လို့ ပြောပါတယ်။

မိုးကုတ်မြို့၊ ပတ္တမြားမြေဂေါက်ကလပ်ကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားတဲ့နေရာအဖြစ် စစ်ကောင်စီလက်ထက်ကတည်းက ထိန်းသိမ်းထားတာဖြစ်ပြီး စစ်တပ်ပိုင် ကျောက်မျက်ကုမ္ပဏီကြီးဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီတောင် တူးဖော်ခွင့်မရခဲ့တဲ့နေရာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်၊

ကျောက်မျက်တူးဖော်တာနဲ့ပတ်သက်လို့ TNLA ပြန်ကြားရေးတာဝန်ခံကို DVB က ဆက်သွယ်မေးမြန်းရာမှာ အကြီးစားကျောက်မျက်တူးဖော်တာကို ခွင့်ပြုထားတာမရှိသေးဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားတဲ့နေရာမှာ တရားမဝင်တူးဖော်နေတာရှိရင် တိုင်ကြားနိုင်တယ် လို့ ပြောပါတယ်။

သယံဇာတအရေး တက်ကြွလှုပ်ရှားသူ Vanda က “ဘယ်မြို့နယ်မဆို၊ ဘယ်မြို့ဘယ်ပြည်နယ်၊ ဘယ်တိုင်းမဆို၊ သယံဇာတဖြစ်ဖြစ် ဒေသရဲ့အကျိုးစီးပွားဖြစ်ဖြစ်‌ ဒေသခံတွေရဲ့ဆန္ဒက အ‌ရေးကြီးဆုံးပါ။ ဒေသခံတွေကလက်ခံနိုင်လား။ သယံဇာတတူးဖော်မှုက ဒေသခံတွေအကျိုးစီးပွား ဘယ်‌လောက်ရလဲ။ ဒေသခံတွေကိုဘာပြန်ကူညီပေးနိုင်လဲ ဒါတွေက အရေးကြီးဆုံးလို့ ကျမထင်တယ်။ တကယ်လို့ ဒေသခံတွေအသံနားမထောင်ဘူး။ ဒေသခံတွေရဲ့ဆန္ဒကို လက်မခံဘူးဆိုတာကို မဖြစ်သင့်ဘူးလို့ မြင်တယ်။ ဒေသခံတွေအနေနဲ့ ဒီအပေါ်မှာ ကန့်ကွက်ပိုင်ခွင့်ရှိတယ်။ ဆန္ဒပြပိုင်ခွင့်ရှိတယ်။ ဒီဟာကို လက်မခံပိုင်ခွင့်ရှိတယ်။ ဒေသခံတွေရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်တယ်” လို့ပြောပါတယ်။

မိုးကုတ်မြို့၊ ပတ္တမြားမြေဂေါက်ကလပ်ထဲကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၈ ရက်မှာ Y12 လေယာဉ်နဲ့ ဗုံးကြဲချခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013