တအာင်းပြည် တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့နယ်မှာ PSLF/TNLA မိုးကုတ်တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူ ၃၀၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ ၆ လအတွင်း TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က မိုးကုတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်ကာ မူးယစ်ဆေးဝါးသုံးစွဲသူနဲ့ ရောင်းဝယ်သူအများအပြား ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိတဲ့အထဲမှာ ညီနောင်မဟာမိတ်တို့ရဲ့ သတင်းအချက်အလက်တွေ ရယူပေးပို့ဖို့ စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်နေတယ်လို့ သိရပါတယ်။
“ဒီလိုဖမ်းဆီးနိုင်ခဲ့တာက ကျနော်တို့ဘက်က စုံစမ်းမှုတွေလည်းပါတယ်၊ ပြည်သူလူထုရဲ့ သတင်းပေးမှုတွေလည်းပါဝင်ပါတယ်။ PSLF/TNLA ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူလူထုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးတွေကို အစွမ်းကုန်တည်ဆောက်နေပါတယ်” လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းအရင်းမြစ်က ပြောပါတယ်။
PSLF/TNLA ရဲ့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့အနေနဲ့ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့လုံခြုံရေးဆိုတဲ့ လုပ်ငန်းစဥ် ၅ ရပ်နဲ့ ဆောင်ရွက်နေတာပါ။
ဒီဇင်ဘာ ၁၈ ရက်ကလည်း TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့အတွင်း TNLA ရဲ့ ရဲတပ်ဖွဲ့တွေ လုံခြုံရေးဆောင်ရွက်နေမှုတွေကို ဖော်ပြခဲ့ပါသေးတယ်။
TNLA သိမ်းပိုက်ထားတဲ့မြို့တွေမှာ အခုလို တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အတွက် စစ်ကောင်စီအုပ်ချုပ်စဉ်က ဖြစ်ပေါ်ခဲ့တဲ့ မူးယစ်ဆေးဝါးအမှု၊ ပြန်ပေးဆွဲမှု၊ လူသတ်မှု၊ လုယက်မှုတွေ သိသိလျော့နည်းသွားတယ်လို့ ဒေသခံပြည်သူတွေထံကသိရပါတယ်။