မန္တလေးတိုင်း၊ မိုးကုတ်မြို့က ပြည်သူတွေအတွက် အင်တာနက်၊ ဖုန်းလိုင်းတွေ ပြန်ဖွင့်ပေးမယ့် အချိန်ကို ပြောဖို့ခက်တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညပိုင်းက မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၅ ယောက် သေဆုံးပြီး ပြည်သူ ၁၃ ယောက် ဒဏ်ရာရရှိခဲ့တဲ့နောက် TNLA အနေနဲ့ စတားလင့်ခ် ဂြိုဟ်တု အင်တာနက်လိုင်း သုံးစွဲမှုကို ပိတ်ပင်ခဲ့ရာ ဒီနေ့အထိပဲဖြစ်ပါတယ်။
TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက “မိုးကုတ်မြို့ကို လေကြောင်းတိုက်ခိုက်ခံရမှု ပြီးတဲ့နောက်ပိုင်းမှာ ဒေသခံပြည်သူလူထုရဲ့ လုံခြုံမှုကို ဆောင်ရွက်တဲ့အားဖြင့် လက်ရှိ အင်တာနက်လိုင်း၊ အထူးသဖြင့် စတားလင့်ခ် အင်တာနက်တွေကို ယာယီပိတ်ထားဆဲ ဖြစ်ပါတယ်။ ဘယ်အချိန် ပြန်ဖွင့်မလဲ ဆိုတာကတော့ ကျမတို့လည်း ပြောဖို့ခက်ပါတယ်” လို့ DVB ကို ပြောပါတယ်။
မိုးကုတ်မြို့ကို အင်တာနက်နဲ့ ဖုန်းလိုင်းသုံးစွဲခွင့်တွေ ကန့်သတ်ထားတဲ့အတွက် မိုးကုတ်မြို့ခံတွေအနေနဲ့ ငွေလွှဲ ငွေထုတ် ကိစ္စတွေ၊ ဆက်သွယ်ရေးအခက်အခဲတွေ ဖြစ်နေကြတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဒီလို အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ကန့်သတ်ရတာကလည်း စစ်ကောင်စီရဲ့ သတင်းပေး ဒလန်တွေနဲ့ သူလျှိုတွေကြောင့် ပြည်သူလူထု လုံခြုံစေဖို့အတွက် ကန့်သတ်ထားရတာ ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
“အထူးသဖြင့် ဒေသခံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် စကစရဲ့ သတင်းပေးတွေကို ရှောင်ရှားနိုင်ဖို့ ကျမတို့ ဒီလိုစီမံဆောင်ရွက်တာ ဖြစ်ပါတယ်။ လက်ရှိကတော့ ကျမတို့ဘက်က စုံစမ်းတာတွေလည်း ရှိသလို လူထုဘက်က တိုင်ကြားလာရင်လည်း ကျမတို့ ရှာဖွေဖမ်းဆီးတာတွေလည်း ရှိပါတယ်” လို့ လွေးယေဦးက ဆက်ပြောပါတယ်။
မိုးကုတ်မြို့မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားကတည်းက စစ်ကောင်စီဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မိုးကုတ်မြို့ကို သိမ်းပိုက်ပြီးနောက် TNLA က စတားလင့်ခ် အင်တာနက်လိုင်းတွေ သုံးစွဲခွင့်ပြုပေးခဲ့ပေမဲ့ ဗုံးကြဲခံရပြီးနောက် ပြန်လည်ပိတ်ပင်ခဲ့တာပါ။
လက်ရှိမှာ မိုးကုတ်မြို့ခံတွေအနေနဲ့ ဆက်သွယ်ရရှိစေဖို့အတွက် အရင်က အသုံးပြုခဲ့တဲ့ CDMA ဆင်းကတ်တွေကို ဝယ်ယူကာ မိုးကုတ်မြို့က အဆိုပါ ဖုန်းလိုင်းအသုံးပြုလို့ရတဲ့ နေရာတွေကနေ အဆက်အသွယ် ပြုလုပ်နေကြရပါတယ်။