Home
မြန်မာသတင်း
တရုတ်၏စေ့စပ်မှုကြောင့် ဆွေးနွေးပွဲဖြစ်လာနိုင်ဟု TNLA ပြော
DVB
·
December 14, 2024

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီနဲ့ ဆွေးနွေးမှုဖြစ်လာနိုင်တယ်လို့ TNLA ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။

နယ်စပ်တည်ငြိမ်ရေး နဲ့ တိုက်ပွဲရပ်စဲရေးအတွက် ကြားဝင်ကြိုးပမ်းဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံအစိုးရရဲ့ကြိုးစားမှုကို လေးစားအသိအမှတ်ပြုတဲ့အတွက် နှစ်ဖက်စစ်ရေးပဋိပက္ခတွေ အဆုံးသတ်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာ ၂၅ ရက်မှာ သဘောထားထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါသဘောထားထုတ်ပြန်ပြီး ရက်ပေါင်း ၂၀ ပြည့်ပေမဲ့ စစ်ကောင်စီဘက်က တစုံတာ တုံ့ပြန်လာတာမျိုးမရှိသေးပဲ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ဆွေးနွေးပွဲဖြစ်လာနိုင်တယ်လို့ လွေးယေဦးက ပြောပါတယ်။

“ကျမတို့ တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီဘက်က တစုံတရာအကြောင်းကြားတာမျိုးတော့မရှိသေးဘူး။ သို့ပေမဲ့ တရုတ်အစိုးရရဲ့ ညှိနှိုင်းမှုတွေ၊ တွေ့ဆုံရန် ကြားဝင်ညှိနှိုင်းမှုတွေကြောင့် တချိန်ချိန်မှာ ကျမတို့တွေ့ဆုံနိုင်ဖို့ ရှိလာနိုင်ပါတယ်။”

မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးအခြေအနေ တည်ဆောက်နိုင်ဖို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်နေမှုတွေကို TNLA က အပြုသဘောဆောင် ကောင်းကျိုးရှိတဲ့အမြင်နဲ့ အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေသလို ကောင်းမွန်တဲ့ ရလဒ်များရရှိဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်မယ်လို့ TNLA က သဘောထားထုတ်ပြန်ခဲ့တာပါ။

တွေ့ဆုံဆွေးနွေးဖို့ သဘောထားထုတ်ပြန်ခဲ့ပေမဲ့ စစ်ကောင်စီက တုံ့ပြန်မှုမရှိတဲ့အပြင် နောင်ချို၊တောင်ခမ်းကို စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ နောင်ချိုမှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ TNLA ထံက သိရပါတယ်။

“တိုက်ပွဲကတော့ လတ်တလောမှာ နောင်ချိုဘက်၊ တောင်ခန်းတပ်စခန်းမှာ တိုက်ပွဲတွေပြင်းထန်နေတာတော့ရှိပါတယ်။ နောင်ချိုမှာဆိုရင်ဖြစ်နေတာက ၉၀၂ နဲ့ ၃၅၄ မှာ တိုက်ပွဲတွေပြင်းထန်နေတယ်” လို့ လွေးယေဦးက ပြောပါတယ်။

ဒီဇင်ဘာလ ၉ ရက်နေ့က တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံမှာ တအာင်းတပ်မတော် TNLA၊ DPLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ရုပ်အလောင်း ၁၅ လောင်း၊ စစ်သုံ့ပန်း ၁၇ ဦး နဲ့ လက်နက်မျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ ဖမ်းဆီးသိမ်းဆည်းရမိခဲ့တယ်လို့TNLA ကထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကိုးကန့်တပ် MNDAA နဲ့ TNLA တို့ရဲ့ တွေ့ဆုံဆွေးနွေးရေးကမ်းလှမ်းချက်တွေဟာ စစ်မှန်တဲ့ ကမ်းလှမ်းမှုတွေမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024