ဟောင်ကောင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို ပြင်းပြင်းထန်ထန် လှုပ်ရှားခဲ့တဲ့အမေရိကန် နိုင်ငံသားတွေအပေါ် ပြည်ဝင်ခွင့်ဗီဇာကန့်သတ်ဖို့ တရုတ်အစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့ တရုတ်နိုင်ငံရဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသက အရာရှိတွေကို ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ခဲ့တဲ့ အမေရိကန်ကို တုံ့ပြန်တဲ့အနေနဲ့ ခုလို ကန့်သတ်တာလို့ ဘေဂျင်းမြို့မှာ လုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မော်နင်းက ပြောခဲ့တာပါ။
အမေရိကန်က ဟောင်ကောင်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို ပုတ်ခတ်ပြီး တရုတ်ရဲ့ ပြည်တွင်းရေးကို ပြင်းပြင်းထန်ထန် စွက်ဖက်ပြီး နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေနဲ့ နိုင်ငံတကာ ဥပဒေမူတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့တယ်လို့ မော်နင်းက စွပ်စွဲပါတယ်။
တရုတ်ရဲ့ အချုပ်အခြာအာဏာကို လေးစားလိုက်နာဖို့၊ ဟောင်ကောင်ရဲ့ တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာပြီး ဟောင်ကောင်အရေးကို ဘယ်လိုပုံစံမျိုးနဲ့မဆို ဝင်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့ အမေရိကန်ကို တိုက်တွန်းတယ်လို့လည်း မော်နင်းက ပြောထားပါတယ်။
တရုတ်နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့၊ တနိုင်ငံ၊ စနစ် ၂ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ ဟောင်ကောင်အရေးမှာ ပြည်ပဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ဆန့်ကျင်ဖို့ တရုတ်အစိုးရရဲ့ သန္နိဋ္ဌာန်က မယိမ်းမယိုင်ရှိနေတယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ပြောခဲ့ပါတယ်။
Source: Reuters