စလိုဗက်အစိုးရဟာ လူထုဆန္ဒပြပွဲတွေ အနီးတဝိုက်မှာ ကြိုတင်ကာကွယ်ရေး အစီအမံတွေ ပြုလုပ်ထားမှာဖြစ်ပြီး အဲဒီဆန္ဒပြပွဲတွေဟာ အစိုးရကိုဖြုတ်ချဖို့ ကြိုးပမ်းမှုတွေမှာ ပြင်းထန်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း အစိုးရအရာရှိတွေက ပြောပြထားတယ်လို့ စလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖီကိုက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
အတိုက်အခံအုပ်စုတွေဟာ အစိုးရအဆောက်အဦတွေကို သိမ်းပိုက်ပြီး အစိုးရပြုတ်ကျသွားအောင် တွန်းအားပေးတာတွေ အပါအဝင် ဆန္ဒပြပွဲတွေကို အရှိန်မြှင့်ဖို့ စီစဉ်နေကြောင်းလည်း ဝန်ကြီးချုပ် ဖီကိုက ပြောပါတယ်။
“တင်းမာမှုတွေ ပိုတိုးမြင့်လာစေဖို့နဲ့ နောက်ထပ် ရန်လိုမှုတွေ တိုးပွားလာစေဖို့အတွက် နိုင်ငံတော်လုံခြုံရေး ယန္တရားနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာရှိတဲ့ ဒီ (ဆန္ဒပြ) စုဝေးပွဲတွေကို အလွဲသုံးစားလုပ်လိုတဲ့ အစီအမံကို မြင်နေရတယ်။”
လမ်းတွေ၊ အများသူငါနေရာတွေကို ပိတ်ဆို့ကာ၊ အစိုးရ အဆောက်အအုံတွေကို သိမ်းပိုက်ပြီးတော့ အစိုးရကို အနှောင့်အယှက်ပြုဖို့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါဟာ စလိုဗက်ကီးယားမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတခုပါပဲလို့ သူက ပြောကြားလိုက်ပြီး နိုင်ငံရေးအတိုက်အခံတွေနဲ့ ချိတ်ဆက်နေကြောင်းလည်း ဆိုပါတယ်။
အဓိကအတိုက်အခံဖြစ်တဲ့ ပရိုဂရက်စစ်ဗ် စလိုဗက်ကီးယားပါတီကတော့ ဖီကိုရဲ့ စွပ်စွဲချက်တွေက လှည့်စားနေတာလို့ ပြောဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် ဖီကိုက စလိုဗက် ပြန်ကြားရေးဌာနကို အလွဲသုံးစား လုပ်နေတာဟာ ရှက်စရာလည်း ကောင်းပြီး အန္တရာယ်လည်းကြီးတယ်လို့ အတိုက်အခံပါတီခေါင်းဆောင် မစ်ချယ်လ် စီမက်ကာက ဝေဖန်ပြောကြားခဲ့ပါတယ်။
ထိတ်လန့်မှုနဲ့ အကြောက်တရားတွေ ဖြန့်ဝေနေတာကို လက်မခံနိုင်ကြောင်းနဲ့ အာဏာသိမ်းမယ့် ခြိမ်းခြောက်မှု မရှိဘူးဆိုတာ အားလုံးအသိပဲဖြစ်ပြီး ဖီကိုက သူ့ရဲ့ရှုံးနိမ့်မှုကို အာရုံလွှဲနေတာ လို့လည်း ပြောသွားပါတယ်။
Source : Reuters